#World_News
Published 13 October 2023


အစ္စရေးလ်ရဲ့ တိုက်ခိုက်မှုများကြောင့် ဆီးရီးယား အဓိကလေဆိပ် ၂ ခု ကြာသပတေးနေ့က လည်ပတ်မှုယန္တရား ရပ်ဆိုင်းသွားခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြလိုက်ပါတယ်။

 

ဒါဟာ ပါလက်စ်တိုင်းမှ ဟားမတ်စ်စစ်သွေးကြွများ အစ္စရေးလ်ကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် အပြင်းအထန် ပစ်ခတ်နေတဲ့ ရက်ပိုင်းအတွင်း ပထမဆုံး တိုက်ခိုက်မှုမျိုး ဖြစ်ပါတယ်။

 

အစ္စရေးလ်တို့ အကြိမ်ကြိမ် တိုက်ခိုက်မှုများကြောင့် ဆီးရီးယားအစိုးရမှ ထိန်းချုပ်ထားတဲ့ ဆီးရီးယားမြို့တော် ဒါမတ်စ်ကပ်စ်နဲ့ မြောက်ပိုင်းမြို့အလက်ပိုတို့ရှိ လေဆိပ်တွေမှာ လေကြောင်းခရီးစဥ်များ ဖျက်သိမ်းခဲ့ရပါတယ်။

 

လေဆိပ်နှစ်ခုစလုံးမှာ တပြိုင်တည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေယာဥ်ဆင်းသက်ရာ လမ်းကြောင်းများ ထိခိုက်ပျက်စီးခဲ့ကာ ယန္တရားလည်ပတ်မှု ရပ်ဆိုင်းလိုက်ရကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်ကို မီဒီယာက ဖော်ပြခဲ့ပါတယ်။

 

ဟားမတ်စ်စစ်သွေးကြွ သေနတ်သမား ရာဂဏန်းခန့်ဟာ စနေနေ့က ဂါဇာနယ်စပ်ကို ချိုးဖောက်ကာ အစ္စရေးလ်ဘက်သို့ ဝင်ရောက်လာပြီး အရပ်သားအများစု ပါဝင်တဲ့ လူပေါင်း ၁,၂၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီးနောက် ဟားမတ်စ်နဲ့ အစ္စရေးလ်တို့ အပြန်အလှန် ပစ်ခတ်နေကြတာ ၆ ရက်မြောက် ရှိလာပါပြီ။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် အစ္စရေးလ်သို့ ရောက်ရှိခဲ့ပြီး အီရန်သမ္မတ အီဘရာဟင်ရစ်ဆီနဲ့ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အက်ဆက်ဒ်တို့ တယ်လီဖုန်းပြောဆိုကာ အာရပ်နဲ့ အစ္စလာမ်နိုင်ငံများအနေဖြင့် အစ္စရေးလ်ကို ပူးပေါင်းရင်ဆိုင်ဖို့ တောင်းဆိုလိုက်ပြီးနောက် နာရီပိုင်းအကြာမှာပဲ အခုလို ဆီးရီးယားဘက်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

ဆီးရီးယားနိုင်ငံပိုင် မီဒီယာရဲ့ အဆိုအရ ဆီးရီးယားကို တိုက်ခိုက်တာဟာ ဂါဇာမှာ ဟားမတ်စ်တို့နဲ့ ပဋိပက္ခဖြစ်နေရာကနေ အစ္စရေးလ်တို့ အာရုံလွှဲဖို့ ကြိုးပမ်းတာဖြစ်နိုင်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုပါတယ်။

 

ဆီးရီးယားနိုင်ငံအတွင်း ဆယ်စုနှစ်တစ်ခုကျော် စစ်ပွဲဖြစ်ပွားနေစဥ် အစ္စရေးလ်တို့က လေကြောင်းတိုက်ခိုက်မှုပေါင်း ရာနဲ့ချီပြုလုပ်ခဲ့ကာ အီရန်ကျောထောက် နောက်ခံပြု တပ်များ၊ လက်ဘနွန် ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများ၊ ဆီးရီးယားစစ်တပ် အခြေချစခန်းများကို အဓိကပစ်မှတ်ထားခဲ့ပါတယ်။

 

ဆီးရီးယားအပေါ် တိုက်ခိုက်မှုများအကြောင်း အစ္စရေးလ်ဘက်က မှတ်ချက်ပြုခြင်း မရှိပေမယ့် အီရန်အနေဖြင့် ဆီးရီးယားအစိုးရကို ထောက်ပံ့တာမျိုး ခွင့်မပြုနိုင်ဘူးလို့ အကြိမ်ကြိမ် ပြောကြားခဲ့ဖူးပါတယ်။

 

ဟားမတ်စ်တို့ကို့ ထောက်ပံ့ကူညီထားတဲ့ အီရန်ဟာ အစ္စရေးလ်ဘက်ကို တိုက်ခိုက်ရာမှာ မပတ်သက်ဘူးလို့ ဆိုထားပေမယ့် အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး စနေနေ့က အောင်ပွဲခံခဲ့ပါတယ်။

 

#World_News #အစ္စရေးလ် #ဆီးရီးယား #လေဆိပ်နှစ်ခုလည်ပတ်မှုရပ်တန့် #Source: NDTV