Published_ 04 October 2023

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ ကီဗင်မက်ကာသီဟာ ဒီမိုကရက်များနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီး လက်ယာစွန်းရောက် ရီပတ်ဘလစ်ကန်များက ဒေါသတကြီးဖြင့် သမိုင်းဝင်ပုန်ကန်မှု ပြုလုပ်ခဲ့ကြကာ မက်ကာသီကို အင်္ဂါနေ့က ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။

ဒါဟာ ဒေါ်နယ်ထရမ့် ဦးဆောင်လုနီးပါး ဖြစ်နေတဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲကို ဦးတည်မယ့် ရီပတ်ဘလစ်ကန်များကြား ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေတွေကို ဖော်ပြနေပါတယ်။

၂၃၄ နှစ်သက်တမ်းရှိတဲ့ သမိုင်းထဲမှာ အောက်လွှတ်တော်ဥက္ကဌတစ်ယောက် ရာထူးမှထုတ်ပယ်ခံရတာ ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး သဘောထားတင်းမာတဲ့ လက်ယာစွန်းရောက် ရီပတ်ဘလစ်ကန် လူနည်းစုဖြင့်သာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အောက်လွှတ်တော်ဟာ တန်းတူညီမျှ နီးပါးလောက်အထိ ပိုင်းခြားသွားခဲ့ပြီး မက်ကာသီကို ကယ်ဆယ်ဖို့ထက် ဒီမိုကရက်တွေနဲ့ ပူးပေါင်းလာတဲ့ ရီပတ်ဘလစ်ကန် ၈ ဦးတို့ကြောင့် မက်ကာသီဟာ ရာထူးမှာ ဆက်လက်ရှိမနေနိုင်တော့တာ ဖြစ်ပါတယ်။

အစိုးရယန္တရားရပ်ဆိုင်းမှုကို ရှောင်ရှားနိုင်ရန် ဆောင်ရွက်နိုင်ခဲ့တဲ့ အသက် ၅၈ နှစ်ရှိ မက်ကာသီက ကွန်ဆာဗေးတစ်များကြား အမျက်ထွက်ခဲ့ပေမယ့် လွှတ်တော်မှ ထွက်ခွာလာချိန်မှာ မှတ်ချက်ပြုပြောကြားခြင်း မရှိခဲ့ပါဘူး။

မက်သာသီကို ရာထူးမှဖယ်ရှားရန် မဲဆန္ဒပြုဖို့ဦးဆောင်ခဲ့တဲ့ ဖလော်ရီဒါမှ ကွန်ဆာဗေးတစ် မတ်ဂေ့ဇ်က ရီပတ်ဘလစ်ကန် လူနည်းစုဖြင့်သာ မက်ကာသီကို ဖယ်ရှားနိုင်မယ်လို့ စွန့်စားခဲ့တာ ဖြစ်ပါတယ်။

မက်ကာသီက ဆန့်ကျင့်ဘက်ကတိပေးပြီး အားလုံးဖြစ်ပျက်လာတဲ့အချိန်မှာ ဆုံးရှုံးသွားရတာဖြစ်ကြောင်း၊ ဘယ်သူမှ သူ့ကိုမယုံကြည်တော့ကြောင်း ဂေ့ဇ်က ပြောပြသွားပါတယ်။

အစိုးရဘတ်ဂျက်နဲ့ ပတ်သက်လို့ ယခုနှစ်အစောပိုင်းက ဘိုင်ဒင်နဲ့ သဘောတူညီထားတဲ့ သုံးစွဲမှုကန့်သတ်ချက်များအပေါ်  ပြန်လည်ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တွေကလည်း မက်ကာသီကို ကျေနပ်တာ မဟုတ်ပါဘူး။

နောက်ထပ် ဥက္ကဌအသစ် မတက်သရွေ့ ယာယီဥက္ကဌက အောက်လွှတ်တော်ကို ရပ်နားထားမှာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်တွေက ဥက္ကဌအသစ်နေရာအတွက် မဲဆန္ဒပြုရွေးချယ်မယ့် ကိုယ်စားလှယ်လောင်း တင်သွင်းရန် ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Source: NDTV
#World_Politics
#YMG #Yangon_Times #Yangon_Media_Group