Published_ 03 October 2023

ဂျပန်နိုင်ငံမှ ပညာရှင်ကြယ်ပွင့်များ မွေးထုတ်ရာ ထိပ်တန်းအေဂျင်စီဖြစ်တဲ့ Johnny & Associates က လုပ်ငန်းအဖွဲ့  ၂ ခုကွဲသွားမှာဖြစ်ကာ အဖွဲ့တစ်ဖွဲ့က ယခင်တည်ထောင်သူမှ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်း ခံခဲ့ရတဲ့သူများကို နစ်နာကြေးပေးရန် ရည်မှန်းထားပြီး ယခုအချိန်အထိ လူပေါင်း ၃၂၅ ဦးက ထိခိုက်နစ်နာခဲ့ကြောင်း ဖော်ထုတ်လာကြတယ်လို့ အဆိုပါအေဂျင်စီက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အေဂျင်စီတည်ထောင်သူ ဂျွန်နီကီတာဂါဝါထံမှ ခွဲထွက်ကာ အမည်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ကီတာဂါဝါဟာ ၁၉၇၀ ခုနှစ်တွေကတည်းက အောင်မြင်ကျော်ကြားချင်တဲ့ လူငယ်လူရွယ် ယောက်ျားလေးရာဂဏန်းခန့်ကို အလွဲသုံးစားပြုခဲ့တယ်လို့ အမျိုးသား ဖျော်ဖြေရေး အနုပညာရှင်များသာ မွေးထုတ်ပေးတဲ့ ထိုအေဂျင်စီက ပြီးခဲ့တဲ့လက ဝန်ခံခဲ့ပါတယ်။

ကီတာဂါဝါရဲ့ တူမဖြစ်သူ ဂျူလီကေဖူဂျီရှီမာက ပြီးခဲ့တဲ့လက အေဂျင်စီဥက္ကဌအဖြစ်မှ နုတ်ထွက်ခဲ့ပြီး ထိုကိစ္စများအတွက် တောင်းပန်လိုက်ကာ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန်နဲ့ လျော်ကြေးများ ပေးဆောင်ရန် ကတိပြုလိုက်ပါတယ်။

ဥက္ကဌအသစ် နိုရီယူကီ ဟီဂါရှီယာမာက အေဂျင်စီကို Smile-Up လို့ အမည်ပြောင်းလဲမှာဖြစ်ပြီး ကီတာဂါဝါကြောင့် နစ်နာခဲ့သူများကို လျော်ကြေးပေးရန် အဓိကထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပညာရှင်ကြယ်ပွင့်များ စီမံခန့်ခွဲရေးလုပ်ငန်းများ လွှဲပြောင်းလုပ်ဆောင်ရန် သီးခြားကုမ္ပဏီတစ်ခုဖြင့် လည်ပတ်သွားမှာ ဖြစ်ပြီး ဆက်လက်လက်တွဲ လုပ်ဆောင်ချင်သူ တစ်ဦးချင်းနဲ့ အဖွဲ့များကို စာချုပ်သက်တမ်းတိုးသွားမှာ ဖြစ်တယ်လို့ ဟီဂါရှီယာမာက ရှင်းလင်းပွဲတစ်ခုမှာ ပြောပြသွားပါတယ်။

အမည်ကိုတော့ ယင်းတို့ထံမှ ဖျော်ဖြေရေးကြယ်ပွင့်များရဲ့ ပရိသတ်များကို ရွေးချယ်စေမှာ ဖြစ်ပါတယ်။

ကီတာဂါဝါရဲ့ မတရားပြုကျင့်မှုကို ၁၉၉၉ ခုနှစ်တုန်းက ပြည်တွင်းထုတ်သတင်းစာ Shukan Bunshun မှ ပထမဆုံးဖော်ထုတ်တင်ပြခဲ့ဖူးပါတယ်။

မတ်လမှာ BBC မှ ဖော်ပြပြီးနောက်မှာတော့ ထိခိုက်နစ်နာခဲ့ရသူများဟာ ထုတ်ဖော်ပြောဆိုလာကြပြီး ယခုနှစ်အတွင်း ပိုပြီးလူသိများလာပါတယ်။

ဒီကိစ္စအကြောင်း ကုမ္ပဏီကသိရှိတယ်လို့ ပြီးခဲ့တဲ့လက ကြေညာပြီးနောက် အဓိကကုမ္ပဏီကြီး ဒါဇင်ခန့်ဟာ ယင်းတို့ရဲ့ အနုပညာရှင်တွေနဲ့ စာချုပ်သက်တမ်း အဆုံးသတ်တော့မယ်လို့ ဆိုခဲ့ကြပါတယ်။

ဖူဂျီရှီမာက ကီတာဂါဝါရဲ့ ဆွေမျိုးသားချင်း ဖြစ်တဲ့အတွက် Johnny & Associatess ကို အဆုံးသတ်ဖို့က သူ့ရဲ့တာဝန်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဂျွန်နီကီတာဂါဝါရဲ့ လက်စလက်နအားလုံးကို ဒီလောကကနေ ဖယ်ရှားချင်နေပြီလို့ ဖော်ပြသွားပါတယ်။
Source: NDTV.
#World_News
#YMG #Yangon_Times #Yangon_Media_Group