#World_Health
Published 3 October 2023


ရုတ်တရက် နှလုံးကြွက်သား သွေးမရောက်ခြင်း သို့မဟုတ် နှလုံးဖောက်ခြင်းဝေဒနာ ဆိုတာဟာ နှလုံးကြွက်သားများသို့ သွေးစီးဆင်းမှု ရုတ်တရက် ပြတ်တောက်သွားပြီး နှလုံးကြွက်သား ထိခိုက်အန္တရာယ် ဖြစ်စေတာ ဖြစ်ပါတယ်။

 

ဒီအခြေအနေဟာ သက်ကြီးရွယ်အိုတွေမှာသာ ဖြစ်တတ်တယ်လို့ ယခင်က ထင်မှတ်ခဲ့ကြပေမယ့် ယခုအခါမှာတော့ နှလုံးဖောက်ဝေဒနာလူနာ ၅ ဦးရှိရင် တစ်ဦးက အသက် ၄၀ အောက်အရွယ် ဖြစ်နေပါပြီ။

 

အသက် ၂၀ ၊ ၃၀ အရွယ်တွေမှာပင် ထိုအန္တရာယ် ရှိနိုင်လောက်တဲ့ အကြောင်းအရင်းတွေလည်း ရှိလာပါတယ်။

 

နှလုံးသွေးကြောယိုယွင်းရောဂါနဲ့ အတူ အခြားဝေဒနာများနဲ့ ပေါင်းဆုံပြီး နှလုံးကြွက်သား သွေးမရောက်ခြင်းရောဂါ ဖြစ်လာနိုင်ကာ ရုတ်တရက် သေဆုံးခြင်းအထိပင် ဖြစ်ပွားနိုင်ပါတယ်။

 

အသက် ၃၅ နှစ်အောက်အရွယ်တွေ နှလုံးကြွက်သား သွေးမရောက်တဲ့ အခြေအနေ ဖြစ်ပွားရတဲ့ အကြောင်းအရင်းများက..

 

(၁) ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ နေထိုင်စားသောက်မှုပုံစံ

 

(၂) ဆေးလိပ် အရက်သေစာ အလွန်အကျွံ သုံးစွဲခြင်း

 

(၃) အဝလွန်ခြင်း

 

(၄) စိတ်ဖိစီးမှုဖြစ်ပေါ်ခြင်း

 

(၅) သွေးတိုးရောဂါ

 

(၆) ဆီးချိုရောဂါတို့ကြောင့် အဖြစ်များပါတယ်။

 

သက်ငယ် သက်လတ်ပိုင်းတွေ နှလုံးသွေးကြောယိုယွင်းရောဂါ တဖြည်းဖြည်း အဖြစ်များလာတာဟာ ဆေးလိပ်၊ အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ နှလုံးသွေးကြော လည်ပတ်မှုစနစ်အပေါ် ဖိအားများစေမယ့် အခြားသော အကြောင်းအရာများကြောင့် ဖြစ်ပါတယ်။

 

အောက်ဆီဂျင်ပါဝင်တဲ့ သွေးတွေကို သယ်ဆောင်လာတဲ့ သွေးလွှတ်ကြောတွေ ပိတ်ဆို့ခံရတဲ့အခါ နှလုံးဖောက်ခြင်း အန္တရာယ်ဖြစ်တတ်ပါတယ်။

 

နှလုံးအန္တရာယ် ရှိမရှိ သိရှိစေရန် လုံလောက်တဲ့ ဆေးစစ်ချက်များ ပြုလုပ်ရန်လည်း လိုအပ်ပါတယ်။

 

ဒီရောဂါကိုကုသရေးက အရေးတကြီး လုပ်ဆောင်ရန်လိုအပ်သလို ဆေးဝါးများအနေနဲ့ သွေးကျဲဆေးများ၊ သွေးခဲခြင်းကို ဆန့်ကျင်သောဆေးများ၊ အကိုက်အခဲ ပျောက်ဆေးများ၊ သွေးခဲများကို ပျော်ဝင်စေနိုင်သော ဆေးများ၊ သွေးထိန်းဆေးများဖြင့် ကုသလေ့ရှိပါတယ်။

 

ငယ်ရွယ်စဥ်မှာ နှလုံးကြွက်သား သွေးမရောက်ခြင်းဝေဒနာ ဖြစ်နိုင်ချေလျှော့ချပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန် အစောကတည်းက ကြိုတင်ကာကွယ်နိုင်ပါတယ်။

 

(၁) အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာများ မျှတစွာ စားသုံးခြင်း

 

(၂) အငန်လျှော့စားခြင်း

 

(၃) ထုပ်ပိုးထုတ်လုပ်ထားသော စားစရာများ ရှောင်ကြဥ်ခြင်း

 

(၄) သွေးတွင်းသကြားဓာတ်၊ သွေးပေါင်ချိန်၊ ကိုလက်စ်ထရောလ်တို့ကို စောင့်ကြည့်စစ်ဆေးခြင်း

 

(၅) ဆေးလိပ်ဖြတ်ခြင်း၊ အခြားတစ်ယောက်ထံမှ ဆေးလိပ်ငွေ့ မရှူမိအောင် သတိထားခြင်း

 

(၆) တက်ကြွစွာ လှုပ်ရှားနေထိုင်ခြင်း တို့ ပြုလုပ်သင့်ပါတယ်။

 

ဒီရောဂါက လူငယ်တွေမှာ အဖြစ်များလာတာကြောင့် ပေါ့ဆလို့မရပေမယ့် အနည်းငယ်မျှ ထိန်းသိမ်းကာကွယ် နေထိုင်ခြင်းဖြင့် ရောဂါဖြစ်နိုင်ချေ လျှော့ချနိုင်ပါတယ်။

 

#World_Health #လူငယ်လူရွယ်များ #ရုတ်တရက်နှလုံးဖောက်ဝေဒနာ
Source: NDTV