Published_ 20 September 2023

ခွေးမျိုးစိတ်နဲ့ မြေခွေးမျိုးစိတ်တို့ ရောယှက်ပေါက်ဖွားလာခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ခွေးနှင့်မြေခွေးမျိုးစပ် သတ္တဝါကို ဘရာဇီးလ်မှာ လေ့လာတွေ့ရှိထားပါတယ်။

၂၀၂၁ မှာ ထိုသတ္တဝါဟာ ကားမတော်တဆဖြစ်ပြီးနောက် ရီယိုဂရန်ဒီဒိုဆူလ်ရှိ ဆေးရုံသို့ အရေးပေါ် ရောက်ရှိခဲ့ပါတယ်။

ထိုသတ္တဝါရဲ့ ထူးခြားတဲ့ ပုံပန်းသဏ္ဍာန်တွေ၊ တောရိုင်းတိရိစ္ဆာန်လည်းမဟုတ် အိမ်မွေးတိရိစ္ဆာန်နဲ့လည်း မတူညီတာကြောင့် တိရိစ္ဆာန်အထူးကုတွေလည်း အံ့အားသင့်ခဲ့ရပါတယ်။

မည်းနက်ချွန်ထက်တဲ့ နားရွက်ရှိပြီး ပုံမှန်မဟုတ်တဲ့ အပြုအမူမျိုးတွေ့ရကြောင်း၊ ခွေးလိုလည်း မဟုတ်သလို ကိုင်တွယ်ကြည့်တဲ့အခါမှာလည်း တောရိုင်းတစ်ကောင်လို ရန်လိုတဲ့အပြုအမူ မတွေ့ရကြောင်း ကွန်ဆာဗေးရှင်းနစ်တစ်ဦးဖြစ်တဲ့ ဖလေဗီယာဖယ်ရာရီက The Telegraph ကို ပြောပြခဲ့ပါတယ်။

ထိုသတ္တဝါရဲ့ မျိုးရိုးဗီဇ ဖွဲ့စည်းပုံကို သိရှိရဖို့ သုတေသီများက စမ်းသပ်မှုများ  ပြုလုပ်ခဲ့ပါတယ်။

ဒီနောက် တောင်အမေရိက မျိုးနွယ်ဝင် မြေခွေးတစ်ကောင်နဲ့ အမျိုးအမည်မသိ ခွေးတစ်ကောင်တို့ မျိုးစပ်ထားတာ ဖြစ်တယ်ဆိုတဲ့ တွေ့ရှိချက်ကို Animals ဂျာနယ်မှာ ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။

ဒါဟာ အဆိုပါ မျိုးနွယ်နှစ်ခုကြား ပထမဆုံးမျိုးစပ်ပေါက်ဖွားခြင်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဒေါ့ဇင်မ်လို့ အမျိုးအမည်ပေးထားတဲ့ ထိုသတ္တဝါဟာ ယခုနှစ်အစောပိုင်းကပဲ မဖော်ပြထားတဲ့ အကြောင်းအရင်းများကြောင့် အသက်ဆုံးပါးသွားပါပြီ။

သဘာဝကြောင့်ပဲဖြစ်ဖြစ် လူသားတွေလုပ်ရပ်ကြောင့်ပဲဖြစ်ဖြစ် ဒီလိုမျိုး မျိုးစပ်ပေါက်ဖွားခြင်းတွေဟာ တိရိစ္ဆာန်မျိုးစိတ်တွေမှာ ၁၀ ရာခိုင်နှုန်းလောက် ဖြစ်လေ့ရှိပြီး အထူးသဖြင့် အလွန်နီးစပ်တဲ့ မျိုးစိတ်တွေကြား ဖြစ်တတ်ပါတယ်။

လူသားတွေ ပြုလုပ်ထားတဲ့ မျိုးစပ်တွေထဲမှာ ဥပမာအားဖြင့် မြင်းနဲ့ မြည်းမျိုးစပ်၊ ခြင်္သေ့နဲ့ ကျားမျိုးစပ်တို့ ပါဝင်နေပါတယ်။

ဒီလိုမျိုးစပ်သတ္တဝါတွေမှာ မျိုးစိတ်နှစ်ခုကြား ရောဂါကူးစက်ပျံ့ပွားခြင်း ဖြစ်နိုင်တာကြောင့် တောရိုင်းအကောင်ရေပမာဏ ထိခိုက်နိုင်တဲ့ အန္တရာယ် ရှိတာကိုလည်း သတိပြုရမှာပါ။

ဒါပေမဲ့ လူသားများဆောင်ရွက်ထားတဲ့ မျိုးစပ်သတ္တဝါအများစုဟာ မျိုးမပွားနိုင်ကြပါဘူး။
Source: WION
#World_Animal
#YMG #Yangon_Times