#WorldPolitics

Published - 11 November 2021

အမေရိကန်တို့က ဗုဒ္ဓဟူးနေ့မှာ ကမ္ဘောဒီးယားရှိ အကျင့်ပျက်ခြစားမှုအပေါ် အရှိန်မြှင့်လုပ်ဆောင်တဲ့အနေနဲ့ ကမ္ဘောဒီးယားရှိ အကြီးမားဆုံးရေတပ်စခန်းမှ ဆောက်လုပ်ရေးလုပ်ငန်းတွေကနေ အကျိုးအမြတ်ရရှိဖို့ ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရတာဝန်ရှိသူ ၂ ဦးကို နာမည်ပျက်စာရင်းထဲ ထည့်လိုက်ပါတယ်။

ကမ္ဘောဒီးယားရှိ စီးပွားရေးလုပ်ငန်းတွေနဲ့ ပါဝင်သူတွေအကြား အကျင့်ပျက်ခြစားမှုတွေ တရားမဝင်လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေးအလွဲသုံးစားလုပ်မှုတွေကို သတိချပ်ပြီး အရေးယူမှုလုပ်ရမယ်လို့ အမေရိကန်ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဌာနတို့က ပူးပေါင်းကြေညာသွားပါတယ်။

စီးပွားရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ လောင်းကစားရုံနဲ့ အရေးကြီးအဆောက်အအုံတည်ဆောက်ခြင်းတွေ အပါအဝင် လူကုန်ကူးခြင်း၊ သဘာဝတိရိစ္ဆာန်နဲ့ မူးယစ်ဆေးဝါးဆိုင်ရာကိစ္စ၊ သစ်ထုတ်လုပ်ရေးကိစ္စတွေမှာပါ သတိထားဆောင်ရွက်သွားရမယ်လို့ အမေရိကန်နိုင်ငံတော်အစိုးရက ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားရဲ့ ကုန်သွယ်မှုမှရတဲ့အကျိုးအမြတ်တွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စံချိန်စံညွှန်းအတိုင်းရှိမရှိကို အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက စစ်ဆေးသွားမှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းက ကမ္ဘောဒီးယားရေတပ်ဗိုလ်မှူး Tea Vinh နဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး Chau Phirun တို့ကို Ream ရေတပ်စခန်းစီမံကိန်းမှ အကျိုးအမြတ်တွေကို မျှယူဖို့ ကြံစည်နေတယ်ဆိုပြီး ဘဏ္ဍာရေးဌာနက စီးပွားရေးပိတ်ဆို့အရေးယူမှုလုပ်ခဲ့ပါတယ်။

ထိုင်းပင်လယ်ကွေ့မှာတည်ရှိတဲ့ ရေတပ်စခန်းမှာ တရုတ်စစ်တပ်အင်အားများပြားလာတာနဲ့အမျှ အမေရိကန်တို့ဘက်က စိုးရိမ်ပူပန်လာရပါတယ်။ပိတ်ဆို့အရေးယူမှုကြောင့် အမေရိကန်ထုတ်ပစ္စည်းတွေ သုံးစွဲမှုရပ်တန့်လိုက်ရပြီး အမေရိကန်လူမျိုးတွေနဲ့ ဆက်သွယ်ပြောဆိုခွင့်ကိုလည်း တားမြစ်လိုက်တာဖြစ်ပါတယ်။

ထိုအရာရှိတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကိုလည်း အမေရိကန်နိုင်ငံထဲ လာရောက်ခွင့်ကို ပိတ်ပင်ထားလိုက်ပါတယ်။"အရာရှိတွေအကျင့်ပျက်ခြစားမှုကြောင့် ကမ္ဘောဒီးယားပြည်သူတွေ နစ်နာနေရတာကို အမေရိကန်ကလက်ပိုက်ကြည့်မနေနိုင်ပါဘူး"ဆိုပြီး နိုင်ငံခြားရေးရာ ဘဏ္ဍာရေးရုံးမှ ညွှန်ကြားရေးမှူး အန်ဒီရီယာဂက်ကီက ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကတော့ လတ်တလောမှာ မှတ်ချက်ပြုပြောဆိုဖို ငြင်းဆိုထားပါတယ်။လွန်ခဲ့တဲ့ ၁ နှစ်က Ream ရေတပ်စခန်းက အမေရိကန်ကထောက်ပံ့ထားတဲ့ အဆောက်အအုံကို တိုးချဲ့တည်ဆောက်ဖို့ကိစ္စက လုံးဝပျက်ဆီးသွားတယ်လို့ ကမ္ဘောဒီးယားကဆိုခဲ့ပါတယ်။

အမေရိကန်တို့က စခန်းကိုပြန်ပြင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကမ္ဘောဒီးယားတို့က ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။ ရေတပ်စခန်းမှာ တရုတ်တို့ရဲ့ ဆောက်လုပ်ရေးတွေကို ကမ္ဘောဒီးယားက အသိမပေးခဲ့ဘူးလို့ အမေရိကန်တို့ကပြီးခဲ့တဲ့လက စွပ်ခဲ့ပါတယ်။

တရုတ်စစ်တပ်ပါဝင်လာတဲ့အကြောင်း အပြည့်အစုံကို ပြည်သူတွေသိအောင်ချပြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။အမေရိကန်တို့က အရှေ့တောင်အာရှဒေသတွေမှာ တရုတ်တို့လွှမ်းမိုးလာတာကို တုန့်ပြန်ဖို့စီစဉ်နေတဲ့အချိန်မှာ ကမ္ဘောဒီးယားတို့က တရုတ်တို့နဲ့ ပိုမိုနီးစပ်လာအောင် ဆောင်ရွက်လျက်ရှိပါတယ်။

Source: Reuters