#World_Health
Published 17 September 2023

အသက် ၆ လအရွယ် ဂျပန်လူမျိုး ယောက်ျားလေးတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသမှုခံယူပြီးနောက် မျက်လုံးဟာ အပြာရောင်ပြောင်းသွားခဲ့ပါတယ်။

 

ကလေးဟာ အစက ချောင်းဆိုးဖျားနာ ဖြစ်နေခဲ့ကာ အန်တီဂျင်စစ်ဆေးပြီးနောက် ကိုရိုနာကူးစက်ကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ဆရာဝန်တွေက တုပ်ကွေးကုသရာမှာ အသုံးပြုပြီး အေဗီဂန်လို့ ခေါ်ကြတဲ့ ဂျပန်ဆေးဝါး ဖေဗီပီရာဗီယာကို အသုံးပြုခိုင်းခဲ့ပါတယ်။

 

ဒီဆေးက ကိုရိုနာအစောပိုင်းအဆင့် လူနာတွေမှာ အကျိုးသက်ရောက်မှု နည်းပါးပေမယ့် အသက် ၆၀ အောက် ဆေးရုံတက်ကုသမှုခံယူရတဲ့ လူနာတွေမှာတော့ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။

 

ထိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အနည်းငယ်ဝမ်းလျှောခြင်း၊ သွေးထဲက ယူရစ်အက်ဆစ်မြင့်တက်ခြင်းတို့ အဖြစ်များပါတယ်။

 

ဒါပေမဲ့ ထိုကလေးကတော့ ဆေးကုသမှုခံယူပြီး ၁၈ နာရီအကြာမှာ မျက်လုံးတွေက အပြာရောင်တောက်တောက် ပြောင်းသွားပြီး အထူးသဖြင့် နေရောင်နဲ့ ထိတဲ့အခါ ပိုသိသာတာကို ကလေးအမေက သတိထားမိခဲ့ပါတယ်။  

 

ဒီလိုရှားပါး ဘေးထွက်ဆိုးကျိုးက အသက် ၂၀ အရွယ်လူနာတစ်ဦးမှာလည်း ဖြစ်ခဲ့ဖူးပြီး ထိုဖြစ်ရပ်နှစ်ခုစလုံးမှာ ဆေးကုသမှု ရပ်လိုက်တဲ့အခါ မျက်လုံးက သာမန်အရောင် ပြန်ပြောင်းသွားခဲ့ပါတယ်။

 

ဖေဗီပီရာဗီယာဆေးဟာ ဆံပင်နဲ့ လက်သည်းတွေ အရောင်ပြောင်းသွားနိုင်တယ်လို့လည်း ဖော်ပြထားဖူးပါတယ်။

 

ဒီလိုဖြစ်ရတာဟာ ဆေးမှာပါဝင်တဲ့ ဇီဝဖြစ်စဥ်အရာတွေနဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုဒ်၊ ယဲလိုးအိုင်းယွန်းအောက်ဆိုဒ်တို့လို ပစ္စည်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

 

ဆေးမှာပါဝင်တဲ့ ဇီဝဖြစ်စဥ်အရာတွေရဲ့ ပါဝင်မှုပမာဏနဲ့ ရောင်ခြယ်ထွက်ခြင်း ပမာဏတို့က တိုက်ရိုက်ဆက်စပ်နေတယ်လို့ လေ့လာချက်တွေမှာ တွေ့ရပါတယ်။

 

ဓာတ်ခွဲခန်း လေ့လာမှုများအရ ထိုဆေးဟာ မော်လီကျူးတစ်ခုမှ အလင်းထွက်ပေါ်လာအောင် လှုံ့ဆော်လိုက်တာ ဖြစ်ပါတယ်။

 

ဒါတွေနဲ့ ပတ်သက်ပြီး ကိုရိုနာရောဂါ ကုသမှုအတွက် ဖေဗီပီရာဗီယာရဲ့ ဘေးကင်းစိတ်ချရမှုကို စိုးရိမ်နေကြပါတယ်။

 

အဆိုပါ ဘေးထွက်ဆိုးကျိုးက ရှားပါးပေမယ့် နောက်ထပ်ကုသမှုတွေကို သေချာစောင့်ကြည့်သွားရမယ်လို့ ဆရာဝန်များက ဖော်ပြခဲ့ပါတယ်။

 

အဆိုပါ ဘေးထွက်ဆိုးကျိုးတွေ ကာကွယ်နိုင်ရန်နဲ့ မျက်ကြည်လွှာ ကျန်းမာရေးအပေါ် ရေရှည်သက်ရောက်နိုင်ချေတို့ကို သိရှိရန် နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားသွားပါတယ်။

 

#World_Health #ကိုရိုနာဗိုင်းရပ်စ် #မျက်လုံးအပြာရောင်သို့ပြောင်းလဲ
Source: The Jerusalem Post