#World_Military
Published 14 September 2023


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဗုဒ္ဓဟူးနေ့က ထိပ်သီးအစည်းအဝေးပွဲတစ်ခုမှာ တွေ့ဆုံခဲ့ကာ စစ်ဘက်ရေးရာကိစ္စများ၊ ယူကရိန်းစစ်ပွဲ၊ ရုရှားဘက်မှ ကူညီလာနိုင်တဲ့ ဂြိုဟ်တုအစီအစဥ်များအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

 

ပူတင်က ရုရှားအရှေ့ဘက်စွန်းရှိ အဆင့်မြင့်ဆုံး အာကာသဒုံးကျည် လွှတ်တင်ရာနေရာထံသို့ ကင်မ်ဂျုံအန်းကို ပြသခဲ့ပြီး မြောက်ကိုရီးယား အာကာသယာဥ်မှူးတစ်ဦးကို အာကာသထဲ စေလွှတ်ဖို့အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

 

ကင်မ်ဂျုံအန်းက မြောက်ကိုရီးယားကနေ ရထားဖြင့် ရောက်ရှိလာခဲ့ပြီး ပူတင်က ဗော့စ်တော့ခ်နီကော့စမိုဒရုမ်းကို လိုက်လံပြသစဥ် ဒုံးကျည်များအကြောင်း အသေးစိတ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

အသက် ၇၀ ရှိ ပူတင်နဲ့ ၃၉ နှစ်ရှိ ကင်မ်ဂျုံအန်းတို့ လှည့်လည်ကြည့်ရှုပြီးနောက် သူတို့ရဲ့ဝန်ကြီးများနဲ့ ကမ္ဘာလုံးရေးရာကိစ္စများ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ခြေများအကြောင်း ဆွေးနွေးပြောဆိုခဲ့ကြကာ ရုရှားအစားအစာများဖြင့် နေ့လယ်စာ သုံးဆောင်ခဲ့ကြပါတယ်။

 

ကင်မ်ဂျုံအန်းက ပူတင်ရဲ့ ကျန်းမာရေး၊ ရုရှားတို့ရဲ့ အောင်ပွဲ၊ ကိုရီးယား-ရုရှား ချစ်ကြည်ရေးတို့အတွက် ဝိုင်ဖန်ခွက်မြှောက်ဂုဏ်ပြုခဲ့ကာ ယူကရိန်းစစ်ပွဲအတွင်း အနောက်တိုင်းနဲ့ တိုက်ခိုက်ရာမှာ ရုရှားတို့ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

 

ကင်မ်ဂျုံအန်းက ရုရှားအတွက် လက်နက်ခဲယမ်းများ ထောက်ပံ့မှာကို အမေရိကန်နဲ့ တောင်ကိုရီးယားအရာရှိများက စိုးရိမ်ပူပန်နေကြပြီး ရုရှားနဲ့ မြောက်ကိုရီးယားကတော့ ဒီလိုထောက်ပံ့မှုမျိုး မပြုလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။

 

စစ်ရေးကိစ္စများအကြောင်း ဆွေးနွေးကြတယ်လို့ ဆိုပေမယ့် အတိအကျတော့ ပူတင်က ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

 

ရုရှားနဲ့ မြောက်ကိုရီးယားတို့ လက်နက်များ အပြန်အလှန် ထောက်ပံ့ပါက နောက်ထပ်အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်သွားမယ်လို့ အမေရိကန်က သတိပေးထားကာ ရုရှားကတော့ ယူကရိန်းစစ်ပွဲအတွင်း တပ်သားသောင်းချီ ဆုံးရှုံးခဲ့ပြီးနောက် မြောက်ကိုရီးယားထံ အကူအညီတောင်းခံနေတာ ဖြစ်ပါတယ်။

 

ရုရှားနဲ့ မြောက်ကိုရီးယားတို့ ဆွေးနွေးပြီး ပူးပေါင်းလုပ်ဆောင်နေတဲ့ အစီအစဥ်တွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ စည်းမျဥ်းများကို ချိုးဖောက်ဖွယ်ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မက်သယူးမီလာက ပြောကြားခဲ့ပါတယ်။

 

အခုလိုတွေ့ဆုံမှုဟာ ယူကရိန်းကို အဓိကထောက်ပံ့နေတဲ့ အမေရိကန်ကို ရန်စသလိုဖြစ်နေပေမယ့် မြောက်ကိုရီးယား တောင်းဆိုတဲ့ နည်းပညာပိုင်းတွေမှာ ရုရှားက ဘယ်လောက်အထိ ဖြည့်ဆည်းပေးဖို့ ပြင်ဆင်ထားလဲဆိုတာတော့ သေချာမသိရသေးပါဘူး။

 

အခုဆိုရင် ကင်မ်ဂျုံအန်းက ရုရှားမြို့ ကွန်ဆိုမော့စ်အွန်အေမာရှိ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ လေကြောင်းစက်ရုံတွေထံ သွားရောက်ပြီး ဗလာဒီဗိုစတော့ခ်ရှိ ရုရှားပစိဖိတ်ရေတပ်ထံ သွားရောက်လေ့လာရန် စီစဥ်ထားကြောင်း ပူတင်ကဆိုပါတယ်။

 

နောင်တစ်ချိန်ချိန်မှာ မြောက်ကိုရီးယားထံ လာရောက်လည်ပတ်ရန် ကင်မ်ဂျုံအန်းရဲ့ ဖိတ်ကြားချက်ကို ပူတင်က လက်ခံခဲ့ကြောင်း မြောက်ကိုရီးယား KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။



#World_Military #စစ်ဘက်ရေးရာကိစ္စများ #ယူကရိန်းစစ်ပွဲနှင့်ဂြိုဟ်တုများ #ပူတင်နှင့်ကင်မ်ဂျုံအန်း #Source: Reuters