#World_News
Published 13 September 2023


လစ်ဗျားနိုင်ငံမှာ မက်ဒီတာရေးနီးယန်း မုန်တိုင်းကြီး ဝင်ရောက်တိုက်ခတ်သဖြင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ကာ လူပေါင်းထောင်ချီသေဆုံးပြီး အနည်းဆုံးလူ ၁ သောင်းခန့် ပျောက်ဆုံးနေပါတယ်။

 

မုန်တိုင်းကြောင့် ဆည်များ ကျိုးပြီး အဆောက်အအုံများကို တိုက်စားသွားကာ အရှေ့ဘက် ဒါနာကမ်းရိုးတန်းမြို့ရဲ့ ၄ ပုံ ၁ ပုံခန့်ကို ပျက်စီးသွားခဲ့ပါတယ်။

 

လူ ၂ ထောင်ကျော် သေဆုံးထားတယ်လို့ ဒါနာမှ အကြီးတန်းဆေးပညာရှင်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ကာ လစ်ဗျားအရာရှိများကတော့ ရုပ်သံသတင်းဌာနများရဲ့ ဖော်ပြချက်များအရ သေဆုံးသူ ၅ ထောင်ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

 

မုန်တိုင်းဒန်နီယယ်ဟာ မက်ဒီတာရေးနီးယန်းကို ဝင်ရောက်ဖြတ်ကျော်ကာ ဆယ်စုနှစ်ကျော်ကြာအောင် ပဋိပက္ခဖြစ်ပွားနေခဲ့တဲ့ နိုင်ငံကို ဖျက်ဆီးသွားတာပဲ ဖြစ်ပါတယ်။

 

နေထိုင်သူလူဦးရေ ၁၂၅,၀၀၀ ရှိတဲ့ ဒါနာမြို့မှာ လုံးဝပျက်စီးသွားပုံကို ရိုက်တာသတင်းထောက်များ မြင်တွေ့ခဲ့ကြပါတယ်။

 

မြို့ရဲ့ ခရိုင် ၂ ခုထဲက တစ်ခုမှာ လူ ၁,၇၀၀ သေဆုံးခဲ့ပြီး နောက်ခရိုင်မှာတော့ လူ ၅၀၀ သေဆုံးခဲ့ကြောင်း ဝါဒါဆေးရုံ ညွှန်ကြားရေးမှူး မိုဟာမက်အယ်ကာဘီစီက ပြောကြားခဲ့ပါတယ်။

 

ဆေးရုံစင်္ကြံလျှောက်လမ်းတွေမှာ အလောင်းတွေ စုပုံထားတာကိုလည်း သတင်းထောက်များ မြင်တွေ့ခဲ့ကြပါတယ်။

 

အရှေ့တိုင်း ပြည်ထဲရေးဝန်ကြီးက လူပေါင်း ၅ ထောင်ကျော်သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း အယ်မာဆာရုပ်သံဌာနက ထုတ်လွှင့်ခဲ့ပါတယ်။

 

လစ်ဗျားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဘင်ဂါဇီအပါအဝင် အခြားအရှေ့ပိုင်းမြို့များမှာလည်း မုန်တိုင်းဝင်ရောက်ခဲ့ကာ သေဆုံးသူအရေအတွက် အလွန်များပြားနိုင်ပြီး အခြားသတင်းရင်းမြစ်များအရ ပျောက်ဆုံးသူအရေအတွက် ၁ သောင်းခန့် ရှိနေပြီလို့ နိုင်ငံတကာ ကြက်ခြေနီကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ တေမာရာမာဒန်က ပြောပြသွားပါတယ်။

 

ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားခြင်း ပူးပေါင်းဆောင်ရွက်မှုရုံးက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

 

တူရကီနဲ့ အခြားနိုင်ငံများက လစ်ဗျားနိုင်ငံအတွက် ရှာဖွေကယ်ဆယ်ရေးယာဥ်များ၊ လှေများ၊ မီးစက်များ၊ အစားအစာများကို အလျင်အမြန် ထောက်ပံ့ကူညီလာကြပါတယ်။

 

အစကတော့ မိုးသည်းထန်စွာ ရွာတယ်လို့ပဲ ထင်ခဲ့ကြပေမယ့် ညသန်းခေါင်ကြီး ပေါက်ကွဲသံကြားတဲ့အချိန်မှာ ရေကာတာကြီး ပေါက်သွားတာပဲ ဖြစ်တယ်လို့ အသက်ရှင်ကျန်ရစ်သူ ရာဂျာဆာဆီက ပြောပြခဲ့ပါတယ်။

 

ရေတပ်အဖွဲ့တွေက ပင်လယ်ထဲမျောပါသွားတဲ့ လူတွေကို လိုက်လံရှာဖွေနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အယ်လ်ဂျာဇီရာသတင်းဌာနကို ပြောကြားသွားပါတယ်။

 

#World_News #လစ်ဗျား #ဆည်များကျိုး #မြို့၏လေးပုံတစ်ပုံခန့်ပျက်စီး
Source: Reuters