၁၂ စက်တင်ဘာ ၂၀၂၃

အာဖရိကနိုင်ငံတွေဟာ သူတို့ရဲ့ကလေးငယ်တွေကို ဥရောပအင်အားကြီးနိုင်ငံတွေက လူကုန်ကူးပြီး လှောင်အိမ်တွေထဲ ထည့်ပြသခဲ့ကြတဲ့ ကိုလိုနီဖိနှိပ်ချုပ်ခြယ်မှုတွေရဲ့ အမှောင်ခေတ်ကို အမြဲသတိရနေကြလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့က ပြောဆိုတဲ့အကြောင်း ရုရှားမီဒီယာများက ရေးသားကြပါတယ်။

အဲဒီနိုင်ငံတွေကပဲ သူတို့ရဲ့ ကိုလိုနီနိုင်ငံဟောင်းတွေကို သူ့ကျွန်ခိုင်းဖတ်ဘဝထဲ အတင်းဆွဲသွင်းနေကြတယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။

ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားဒေသစီးပွားရေးဖိုရမ် ဖွင့်ပွဲမှာ ပူတင်က ပြောခဲ့တာဖြစ်ပြီး  မော်စကိုက စီးပွားရေးအကူအညီတွေ အလျှံပယ်ပေးခဲ့တဲ့ ဆိုဗီယက်ခေတ်အနေအထားအတိုင်း အာဖရိကနှင့် နီးစပ်တဲ့ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ သိပ်ခက်ခဲမယ်မဟုတ်ဘူးဆိုတာ သူအသေအချာပြောနိုင်တယ်လို့လည်း ဆက်ပြောပါတယ်။

လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာ ကိုလိုနီပြုသူလို ဘယ်တော့မှမလုပ်ခဲ့တဲ့ မော်စကိုရဲ့ကူညီမှုတွေကို အာဖရိကနိုင်ငံတွေ သတိရနေမှာ ဖြစ်တယ်လို့လည်းပူတင်ကပြောပါတယ်။ “  ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အမြဲတမ်း အပြန်အလှန်ဆောင်ရွက်မှု ဒါမှမဟုတ် ကူညီလိုတဲ့စိတ်ဆန္ဒတွေအပေါ်မှာ အခြေခံခဲ့ကြတယ်” လို့ ပူတင်ကပြောပါတယ်။

ဒါပေမယ့် အဲဒီနိုင်ငံတွေဟာ ဆိုဗီယက်ရဲ့အကူအညီတွေသာမက အနောက်ရဲ့ ရက်စက်ယုတ်မာမှုတွေကိုပါ သတိရနေကြတယ်လို့ ပူတင်က မှတ်သားပြောဆိုပါတယ်။ “ အာဖရိကက ပြည်သူတွေကို လှောင်အိမ်တွေထဲထည့်ခေါ်သွားကြတယ်။ ဒါကို မျက်ရည်မကျဘဲ ကြည့်လို့ကို မရဘူး။ ကလေးငယ်တွေဟာ လှောင်အိမ်တွေထဲ ထိုင်နေကြရပြီး လူတိုင်းမြင်နေအောင် ခင်းကျင်းပြသထားတာခံခဲ့ကြရတယ်။ အာဖရိကနိုင်ငံတွေက ဘယ်သူတစ်ဦးတစ်ယောက်မျှ ဒါကိုမေ့လိမ့်မှာမဟုတ်ဘူး”

အနောက်ဟာ သူတို့ရဲ့ လက်အောက်သွတ်သွင်းမှုတွေကို ဘယ်တော့မှမစွန့်လွှတ်ကြဘူး။ အခုလဲ သူတို့ဟာ အရှင်သခင်ပုံစံဖမ်းနေကြတယ်။ သူတို့ရဲ့ ကိုလိုနီလက်သစ်ဝါဒကို သွတ်သွင်းနေကြတယ်” လို့ ပူတင်က ပြောပါတယ်။ အနောက်နိုင်ငံတွေဟာ အာဖရိကကို ဒေါ်လာထရီလီယံတန်ဖိုးချီတဲ့ ချေးငွေတွေ ထုတ်ပေးနေတယ်လို့ ပူတင်က ရှင်းပြပါတယ်။ ဒါတွေဟာ ချေးငွေတွေဆိုတာထက် လျော်ကြေးငွေလိုမျိုးဖြစ်တယ်လို့လည်းသူကဆိုပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက စိန့်ပီတာစဘတ်မြို့မှာ ရုရှား-အာဖရိက ဖိုရမ်ကျင်းပခဲ့ပြီး နယ်ပယ်အစုံမှာ သဘောတူစာချုပ်များစွာ ချုပ်ဆိုခဲ့ပါတယ်။  အဆိုပါအစည်းအဝေးကိုမတက်ဖို့ အနောက်က ဖိအားပေးခဲ့သည့်တိုင် အာဖရိက ကိုယ်စားလှယ်အဖွဲ့ ဒါဇင်များစွာ တက်ရောက်ခဲ့ကြတာဖြစ်တယ်လို့ သတင်းများမှာဖော်ပြထားပါတယ်။

-knl/ymg