၈ စက်တင်ဘာ ၂၀၂၃

ကုလသမဂ္ဂအနေဖြင့် အိန္ဒိယအစိုးရအနေဖြင့် တရားဝင်လုပ်ဆောင်စရာလုပ်ငန်းများ ပြီးစီးပါက အိန္ဒိယနိုင်ငံ၏အမည်ကို ဘာရက် Bharat ဟု ကုလသမဂ္ဂရဲ့ မှတ်တမ်းများမှာ ပြောင်းလဲပေးမှာဖြစ်တယ်လို့ ကုလရဲ့ပြောရေးဆိုခွင့်ရသူက အင်န်ဒီတီဗွီကို စက်တင်ဘာ ၈ ရက်ကပြောကြားလိုက်ပါတယ်။

“ အိန္ဒိယအနေနှင့် နိုင်ငံအမည်ပြောင်းဖို့ တရားဝင်ဆောင်ရွက်စရာကိစ္စတွေပြီးစီးတဲ့အခါ သူတို့က ကျွန်တော်တို့ကို အကြောင်းကြားပါလိမ့်မယ်။ အဲဒီအခါ ကုလသမဂ္ဂရဲ့မှတ်တမ်းတွေမှာလည်း ကျွန်တော်တို့က ပြောင်းလဲပေးမှာဖြစ်ပါတယ်” လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရသူ  စတက်ဖိန်း ဒူဂျာရစ်က သတင်းဌာနကိုပြောကြား တာဖြစ်ပါတယ်။

            “ အမည်ပြောင်းတဲ့ကိစ္စကို ကုလအနေနှင့် မှတ်ချက်ပေးရမယ့်၊ ငြင်းရခုန်ရမယ့် ကိစ္စမဟုတ်ဘူး” လို့လည်း မစ္စတာ ဒူဂျာရစ်ကဆက်လက်ပြောဆိုပါတယ်။ သူဟာ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ နယူးဒေလီကိုရောက်ရှိနေတာပါ။

အိန္ဒိယနိုင်ငံဟာ အမည်ပြောင်းတဲ့ ပထမဆုံးနိုင်ငံတော့မဟုတ်ပါဘူး။ သူ့အရှေ့မှာ နိုင်ငံရေး၊လူမှုရေးနှင့် အခြားသော အကြောင်းပြချက်တွေကြောင့် အမည်ပြောင်းခဲ့ကြတဲ့ နိုင်ငံတွေစာရင်းက အရှည်ကြီးဖြစ်ပါတယ်လို့ သတင်းကရေးသားပါတယ်။

အတိုက်အခံတွေက အိန္ဒိယနာမည်အစား ဘားရက်အမည်ပြောင်းမယ့်အပေါ် အစီအစဉ်ဆွဲသူတွေကိုစွပ်စွဲပြောဆိုခဲ့ပေမယ့် ဘီဂျေပီပါတီခေါင်းဆောင်တွေနှင့် ဝန်ကြီးတော်တော်များများကတော့ ဘားရက်အမည်ကို ရှေးအတီတေကတည်းက သုံးလာခဲ့တာ မို့ ဘာမှငြင်းခုန်စရာမလိုဘူးလို့ ဆိုကြပါတယ်။

ဝန်ကြီးချုပ်နာရင်ဒရာမိုဒီက သူ့ရဲ့ ပြည်ထောင်စုဝန်ကြီးအဖွဲ့နှင့်ပြောဆိုရာမှာ လာမယ့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမှာ ဆောင်ရန် ရှောင်ရန်တွေကို မှာကြားခဲ့ပါတယ်။ ဘားရက်ကိစ္စနှင့်ပတ်သက်လို့ နိုင်ငံရေးအရပြောတာဆိုတာရှောင်ရှားဖို့လည်းပါဝင်ပါတယ်။   ဘားရက်ဟာ နိုင်ငံရဲ့ ရှေးဟောင်းအမည်တစ်ခုဖြစ်တယ်လို့လည်း သူကပြောဆိုပါတယ်။

ဂျီ-၂၀ အစည်းအဝေးတက်ရောက်တဲ့သူတွေကို အိန္ဒိယအစိုးရက တရားဝင်ဖိတ်စာများပေးပို့ရာမှာ အိန္ဒိယသမ္မတ ဒရိုပါဒီမာမူးကို ဘားရက်၏သမ္မတ President of Bharat လို့ ညွှန်းဆိုရေးသားဖိတ်ကြားခဲ့ပြီးတဲ့နောက် နိုင်ငံ့အမည်ပြောင်းတော့မလားဆိုတဲ့ မေးခွန်းကို နေရာအနှံ့မေးလာကြတာဖြစ်ပါတယ်။

Source ndtv/ap