၂၆ ဩဂုတ် ၂၀၂၃

သမ္မတဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့်ရဲ့  တရားခံမှတ်တမ်းကိုယ်တစ်ပိုင်း ဓာတ်ပုံကိုတွေ့ရပြီး သူဟာ လူချောပဲ လို့ ပြောလိုက် ကြောင်း သတင်းဌာနတွေက သတင်းရေးသားကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ပြန်ပြောင်းဖို့ကြိုးစားမှုနှင့် တရားစွဲခံရတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့် ဖမ်းဆီးခံပြီး ရဲက ရိုက်ထားတဲ့ တရားခံမှတ်တမ်းကိုယ်တစ်ပိုင်းပုံကို သူတွေ့လိုက်ရတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

“ လူချောပဲ။ အံ့အားသင့်စရာလူပဲ” လို့  တာဟိုးရေကန်မှာ လေ့ကျင့်ခန်းလုပ်ပြီး အိမ်ဖြူတော်အရာရှိတွေနှင့်အတူ ထွက်လာတဲ့ ဘိုင်ဒင်က သတင်းထောက်  တွေကို ဟာသလုပ်ခဲ့တာလို့ သတင်းတွေမှာဖော်ပြထားပါတယ်။

ဘိုင်ဒင်ဟာ ထရမ့်ရဲ့အမှုတွေနှင့်ပတ်သက်လို့ မှတ်ချက်ပေးဖို့ အလွန်ရှောင်ရှားခဲ့သူဖြစ်ပါတယ်။ သူတို့အနေနှင့် တရားရုံးနှင့် တရားစီရင်မှုရဲ့ လွတ်လပ်မှုကို ထိန်းသိမ်းပေးချင်လို့ဖြစ်တယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောခဲ့ကြဖူးပါတယ်။

ထရမ့်ဟာ ကြာသပတေးနေ့ညက ဖူလ်တန်ခရိုင်အကျဉ်းထောင်မှာ အဖမ်းခံဖို့ ကြိုတင်စာရင်းပေးခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီညမှာ ဘိုင်ဒင်က ပြန်လည်ရွေးကောက်ပွဲဝင်ဖို့ စည်းရုံးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ သူက အဲဒီနေ့မှာ “ ဘာကိုမှမရည်ရွယ်ပါဘူး။ ဒီနေ့ဟာ ကျွန်တော့်ရဲ့ မဲဆွယ်စည်းရုံးပွဲအတွက် ကြီးကျယ်တဲ့နေ့တစ်နေ့ပဲ လို့ထင်ပါတယ်” လို့ တွစ်တာ (အိတ်စ်)မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။

Source NDTV