၂၄ ဩဂုတ် ၂၀၂၃

ရုရှား ကြေးစားစစ်တပ် ဝက်ဂ်နာ အုပ်စုခေါင်းဆောင် ယက်ဂျင်နီ ပရီဂိုဇင်ဟာ ဩဂုတ် ၂၃ ရက်ဗုဒ္ဓဟူးနေ့က စင်းလုံးငှား ပုဂ္ဂလိကဂျက်လေယာဉ်တစ်စီးပျက်ကျရာမှာ သေဆုံးသွားတယ်လို့ ရုရှားမီဒီယာတွေရဲ့ ကနဦး သတင်းတွေအရ သိရပါတယ်။

ယက်ဂျင်နီပရီဂိုဇင်စီးနင်းလိုက်ပါလာတဲ့ အဆိုပါ Embraer  အမျိုးအစား စင်းလုံးငှားလေယာဉ်ဟာ မော်စကိုမြို့တော်ကနေ စိန့်ပီတာစပတ်ကို ပျံသန်းနေစဉ် ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ သူအပါအဝင်ခရီးသည် (၇)ဦးနှင့် လေယာဉ်အမှုထမ်း(၃)ဦး လိုက်ပါသွားတာဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ ပျက်ကျသွားတဲ့ လေယာဉ်ခရီးသည် စာရင်းထဲမှာ သူ့အမည်ပါပြီး အဲဒါဟာ ဝက်ဂ်နာအုပ်စု ခေါင်းဆောင်ဟုတ်မဟုတ် အတည်ပြုနေဆဲလို့ဆိုပါတယ်။

ရုရှားအရေးပေါ်ဝန်ကြီးဌာနက လိုက်ပါသွားသူ (၁၀)ဦးစလုံး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာ ကြေးစားအုပ်စုခေါင်းဆောင် ပရီဂိုဇင်ဟာ လေယာဉ်ပေါ်ပါသလားမသိသေးပေမယ့် အဲဒီနာမည်နှင့် လူကိုတော့ ခရီးသည်တွေစာရင်းမှာတွေ့ရတယ်လို့ ရုရှားအရာရှိတွေကပြောပါတယ်။

လေယာဉ်ဟာ မော်စကို မြောက်ပိုင်း တီဗာဒေသ၊ ကူဇင်ကီနိုကျေးရွာအနီးမှာ ပျက်ကျခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာတွေမှာတော့ လေယာဉ်ပျက်ကျလာတာကိုရိုက်ကူးထားတဲ့ဗွီဒီယိုတွေပျံ့နှံ့နေပါတယ်။ဒါပေမယ့် အဲဒီဗွီဒီယိုနှင့်ပတ်သက်လို့လည်း အတည်မပြုနိုင်သေးပါဘူး။