#World_News
Published 18 August 2023


ဩဂုတ် ၁၇ ရက်နေ့က မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ရှာအလမ်အနီးရှိ အဝေးပြေးလမ်းမပေါ်သို့ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ ဥပဒေပြုလွှတ်တော်အဖွဲ့ဝင်တစ်ဦး အပါအဝင် လူ ၁၀ ဦးသေဆုံးခဲ့ပါတယ်။

 

"လေယာဉ်ပျက်ကျမှုကြောင့် အခုအချိန်ထိတော့ အနည်းဆုံး လူ ၁၀ ဦးသေဆုံးထားပါတယ်။ လေယာဉ်ပေါ်မှ လူ ၈ ဦး၊ မော်တော်ကားထဲမှ လူ ၁ ဦး၊ မော်တော်ဆိုင်ကယ်မှ လူ ၁ ဦးတို့ ပါဝင်ပါတယ်" လို့ ရှာအလမ်ခရိုင်ရဲမှူးချုပ် 'မိုဟာမက် အစ်ဘယ်အီဘရာဟင်'က AFP ကို ပြောကြားခဲ့ပါတယ်။

 

ခရီးသည် ၆ ဦး၊ လေယာဉ်ဝန်ထမ်း ၂ ဦးပါဝင်တဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ မွန်းလွဲ ၂ နာရီ ၁၀ နာရီခန့် ပျက်ကျချိန်မှာ လန်ကာဝီအပန်းဖြေကျွန်းမှ ဆီလန်ဂေါ်ရှိ ဆူဘန်လေဆိပ်သို့ ထွက်ခွာလာတာဖြစ်ပြီး မဆင်းသက်မီ အချိန်လေးမှာပဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

 

အဆိုပါလေယာဉ်ဟာ လေကြောင်းထိန်းမျှော်စင်နဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ကာ အဝေးပြေးလမ်းမပေါ်ရှိ ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးတို့အပေါ် ပျက်ကျခဲ့တာဖြစ်ကြောင်း ဆီလန်ဂေါ်ရဲမှူးချုပ် 'ဟူစိန်အိုမာခန်း'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

အရေးပေါ်တောင်းဆိုချက် မရှိခဲ့ဘဲ လေယာဉ်ဟာ မြေပြင်သို့ဆင်းသက်ရန် ခွင့်ပြုချက်ရခဲ့ပါတယ်လို့ ဆိုပါတယ်။

 

ဆိုရှယ်မီဒီယာတစ်ခုက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေမှာတော့ အဝေးပြေးလမ်းမမှာ မီးလောင်ကျွမ်းပြီး မီးခိုးတွေ ထွက်နေခဲ့ပါတယ်။

 

လေယာဉ်က မြေပြင်ပေါ်သို့ပြုတ်ကျကာ ပေါက်ကွဲသွားတာဖြစ်ကြောင်း Free Malaysia Today မှ တင်ပြချက်ကိုကိုးကားကာ China Press မှ ဖော်ပြခဲ့ပါတယ်။

 

ပါဟန် ပီလန်ဂိုင်ဥပဒေပြုလွှတ်တော်အဖွဲ့ဝင် 'ယိုဟာရီဟာရန်'လည်း သေဆုံးသူစာရင်းထဲ ပါဝင်ခဲ့ပါတယ်။

 

ဒေသတွင်းနိုင်ငံရေးသမားတွေကတော့ သူ့အတွက် ဝမ်းနည်းပူဆွေးမိကြောင်း ဆိုရှယ်မီဒီယာတွေထက်မှာ ဖော်ပြခဲ့ကြပါတယ်။

 

လေယာဉ်ဟာ ဆူဘန်လေကြောင်းထိန်းတာဝါနဲ့ မွန်းလွဲ ၂ နာရီ ၄၇ မိနစ်မှာ ပထမဆုံးဆက်သွယ်ခဲ့ပြီး ၄၈ မိနစ်မှာ ဆင်းသက်ခွင့်ရခဲ့တယ်လို့ မလေးရှားအရပ်ဘက် လေကြောင်းအာဏာပိုင် (CAAM)က ပြောကြားခဲ့ပါတယ်။

 

ထိုလေယာဉ်ခရီးစဉ်ကို မလေးရှား ကိုယ်ပိုင်ဂျက်လေယာဉ် ဝန်ဆောင်မှုကုမ္ပဏီ Jet Valet မှ ပြေးဆွဲခဲ့တာဖြစ်ပါတယ်။

 

ကနဦးတွေ့ရှိချက်များအရ လေယာဉ်ဟာ ပျံသန်းရန်ဘေးကင်းစိတ်ချရပြီး သက်ဆိုင်ရာ မှတ်ပုံတင်နဲ့လိုင်စင်များအားလုံး ပါရှိကြောင်း မစ္စတာနိုရက်ဇ်မန်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

 

လေယာဉ်ပေါ်မှ လေယာဉ်မှူး ၂ ယောက်ဟာလည်း အတွေ့အကြုံရှိ ဝန်ထမ်းများဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။



အာဏာပိုင်များက လေယာဉ်ရဲ့ မှတ်တမ်းတင်စက်ကို ရှာဖွေနေဆဲဖြစ်တယ်လို့ ပို့ဆောင်ရေးဝန်ကြီး 'အန်သိုနီလိုကီ'က ပြောပြခဲ့ပါတယ်။

 

#World_News #မလေးရှားနိုင်ငံဆီလန်ဂေါ် #လေယာဉ်ငယ်တစ်စင်းပျက်ကျ #လူ(၁၀)ဦးသေဆုံး #Source: CNA