#WorldNews

Published-  5 November 2021

အီဂျစ်သမ္မတက သူတို့ရဲ့ အစိုးရအုပ်ချုပ်ရေးအဖွဲ့ကို ကိုင်ရိုမြို့အပြင်ဘက်ရှိ မြို့တော်အသစ်ဆီ နောက်လကစပြီး စတင်ရွှေ့ပြောင်းဖို့ ဗုဒ္ဓဟူးနေ့က အမိန့်ပေးလိုက်ပါတယ်။

သမ္မတ Abdel Fattah el-Sissi က ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး မြို့တော်အသစ်မှာ ၆ လအစမ်းနေထိုင်လုပ်ကိုင်ကြဖို့ အစိုးရအဖွဲ့ကို ညွှန်ကြားထားကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

ဒေါ်လာ ၄၅ ဘီလီယံတန်တဲ့ မြို့တော်သစ်စီမံကိန်းကြီးဟာ ၂၀၁၄ ခုနှစ်က စတင်တာဝန်ယူအုပ်ချုပ်ခဲ့တဲ့ သမ္မတ El-Sissi ရဲ့ အကြီးမားဆုံးစီမံကိန်းဖြစ်ပါတယ်။

မြို့တော်သစ်ဟာ ကိုင်ရိုမြို့အရှေ့ဘက် ၂၈ မိုင်ခန့်မှာတည်ရှိပြီး ဧက ၁၇၀၀၀၀ ခန့်ကျယ်ဝန်းကာ ကိုင်ရိုထက် ၂ ဆနီးပါးကြီးမားကျယ်ပြန့်ပါတယ်။
အဲဒီမြို့သစ်မှာ လူပေါင်း ၆.၅ သန်းနေထိုင်နိုင်ဖို့ စီစဉ်ထားရှိပါတယ်။

မြို့တော်သစ်စီမံကိန်းကို အကျိုးမရှိတဲ့လုပ်ရပ်လို့ ဝေဖန်သူတွေရှိနေပြီး အဲဒီအတွက်ကုန်ကျစရိတ်တွေကို စီးပွားရေးပြန်လည်ထူထောင်ဖို့နဲ့ ကိုင်ရိုမြို့ပြန်လည်မွမ်းမံရေးတွေမှာ အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ၂၀၅၀ ခုနှစ်မှာ လူဦးရေသန်း ၄၀ လောက်အထိ တိုးများလာဖွယ်ရှိတဲ့ ကိုင်ရိုမြို့ကနေထိုင်သူတွေအတွက် မြို့တော်အသစ်လိုအပ်တယ်လို့ အစိုးရအဖွဲ့က ပြန်လည်ချေပပြောဆိုထားပါတယ်။

မြို့တော်သစ်စီမံကိန်းအပြင် လမ်းသစ်များအိမ်ရာများတည်ဆောက်ခြင်း Suez တူးမြောင်းတိုးချဲ့ခြင်းစီမံကိန်းတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားလာနိုင်ပြီး နိုင်ငံရှိ လူဦးရေ သန်း ၁၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ကြောင်း သမ္မတက ဆိုပါတယ်။

မြိုတော်သစ်မှာ သမ္မတအိမ်တော်၊ အစိုးရအဖွဲ့၊ ပါလီမန်လွှတ်တော်နဲ့ ဝန်ကြီးဌာနရုံးများကို နေရာချပေးထားမှာဖြစ်ပါတယ်။

၂၁ မိုင်ရှည်လျားတဲ့ ကားပါကင်နေရာ၊ လေဆိပ်၊ အော်ပရာဇာတ်ရုံ၊ အားကစားရုံကြီးနဲ့ မိုးမျှော်တိုက် ၂၀ တိုက်အပြင် အာဖရိကရဲ့ အမြင့်ဆုံးမိုးမျှော်တိုက်ကို ဆောက်လုပ်သွားဖို့ ကတိပြုထားပါတယ်။

အစိုးရအုပ်ချုပ်ရေးအဖွဲ့က အစိုးရဝန်ထမ်း ၅၂၃၀၀ ကို ၂၀၂၀ နှစ်ဝက်လောက်မှာ မြို့တော်သစ်ဆီရွှေ့ပြောင်းနေရာချဖို့ အစကစီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အစီအစဉ်တွေ နှောင့်နှေးခဲ့ရကြောင်း နိုင်ငံတော်ပိုင် Al-Ahram သတင်းစာမှာ ဖော်ပြထားပါတယ်။

အစိုးရရုံးအဆောက်အအုံတွေကို အဆင့်မြင့်နည်းပညာတွေသုံးပြီး ဆောက်လုပ်သွားမှာဖြစ်တယ်လို့ သမ္မတ El-Sissi က ဒီနှစ်အစောပိုင်းက ဆိုထားပါတယ်။

၇ ရာစုခန့်က မွတ်ဆလင်တွေအောင်နိုင်ခဲ့တဲ့အချိန်ကတည်းက ကိုင်ရိုမြို့ပြင်ကို အုပ်ချုပ်ရေးအဖွဲ့နေရာပြောင်းရွှေ့ခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
Source: AP News