Published_ 8 August 2023

ဓာတုကုထုံးဆေးတစ်မျိုးဖြင့် အကျိတ်တွေကို သတ်ပစ်နိုင်ကာ ကင်ဆာကိုကုသနိုင်မယ့် နည်းလမ်းသစ်တစ်ခုကို စီးတီးအော့ဖ်ဟုပ်မှ အမေရိကန်သုတေသီများ ရှာဖွေတွေ့ရှိခဲ့ကြောင်း မကြာသေးမီက လေ့လာချက်မှာ ဖော်ပြထားပါတယ်။

AOH1996 လို့ခေါ်တဲ့ဆေးဟာ PCNA လို့ခေါ်တဲ့ ကင်ဆာပရိုတိန်းမျိုးကွဲတစ်ခုကို ပစ်မှတ်ထားပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။

ထိုပရိုတိန်းက DNA ပွားများစေဖို့နဲ့ အကျိတ်တွေ ပျံ့နှံ့စေရာမှာ အရေးကြီးပါတယ်။

PCNA က ကင်ဆာဆဲလ်တွေမှာ ထူးခြားစွာပြောင်းလဲပြီး ကင်ဆာဆဲလ်တွေထဲက PCNA ပုံစံဖြင့်သာ ပစ်မှတ်ထားတဲ့ဆေးကို ထုတ်လုပ်နိုင်ဖြစ်ကြောင်း၊ ယခုကင်ဆာသတ်ပေးတဲ့ဆေးက လေဆိပ်မှာ လေယာဉ်ထွက်ခွာမှု ရပ်ဆိုင်းလိုက်ရတဲ့အထိ ဖြစ်စေတဲ့နှင်းမုန်တိုင်းလိုမျိုး ဖြစ်ကြောင်း စီးတီးအော့ဖ်ဟုပ်မှ ပရော်ဖက်ဆာ'လင်ဒါမယ်လ်ကက်စ်'က ထုတ်ပြန်ခဲ့ပါတယ်။

"ရလဒ်တွေက အလားအလာ ကောင်းနေပြီး AOH1996 ဟာ ဆိုးကျိုးမရှိစေဘဲ ဆဲလ်နဲ့ တိရိစ္ဆာန်စမ်းသပ်မှုတွေမှာ ပေါင်းစပ်ကုသမှု ဒါမှမဟုတ် တစ်မျိုးတည်းကုသမှုဖြင့် အကျိတ်ကြီးထွားမှုကို တားဆီးပေးပါတယ်။

ဓာတုကုထုံးကို လူသားတွေမှာ ပထမအဆင့်စမ်းသပ်မှု ပြုလုပ်နေပါတယ်" လို့ ပြောပြခဲ့ပါတယ်။

AOH1996 ဟာ ရင်သား၊ ဆီးကျိတ်၊ ဦးနှောက်၊ သားအိမ်၊ သားအိမ်ခေါင်း၊ အရေပြား၊ အဆုတ်ကင်ဆာများကို ကုသရာမှာ အသုံးဝင်ကြောင်း တွေ့ရှိထားပါတယ်။

ဆဲလ်မျိုးပွားပုံကို နှောင့်ယှက်ခြင်းမရှိဘဲ ဆဲလ်များကို ရွေးချယ်သတ်ပေးတာ ဖြစ်ပါတယ်။

ပျက်စီးသွားတဲ့ DNA တွေကို ခန္ဓာကိုယ်အနှံ့ မပြန့်ပွားစေရန် တားဆီးပေးပါတယ်။

အရင်က PCNA ကို ပစ်မှတ်မထားဖူးခဲ့ဘဲ စီးတီးအော့ဖ်ဟုပ်ကတော့ ပရိုတိန်းပစ်မှတ်ထားနိုင်မယ့် ဆေးကိုထုတ်လုပ်နေတာဖြစ်တယ်လို့ ဘက်ခ်မန်းသုတေသီ မော်လီကျူလာရောဂါရှာဖွေရေးနဲ့ ဆေးဝါးစမ်းသပ်ရေးဌာနမှ တွဲဖက်ပရော်ဖက်ဆာ'လောင်ဂူ'က ဖော်ပြထားပါတယ်။

"PCNA က ဆဲလ်တွေထဲမှာ နျူကလီယပ်စ်အက်ဆစ်ပွားခြင်းအမှားအယွင်းမျိုး ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

အခုတော့ ထိုပြဿနာနေရာကို တားဆီးနိုင်ကြောင်း သိရှိလာကာ ကင်ဆာဆေးဝါးတွေကို ထုတ်ဖော်ဖို့ ပိုမိုသိရှိလာပါတယ်" လို့ ပြောပြခဲ့ပါတယ်။
Source: The Jerusalem Post.
#World_Health
#YMG #Yangon_Times