#World_News
Published 5 August 2023


အမေရိကန်ပြည်ထောင်စုတဝှမ်းရှိ ဆေးရုံများချိတ်ဆက်ထားတဲ့ ကွန်ရက်တစ်ခုဟာ ဩဂုတ် ၅ ရက်နေ့မှာ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကာ အရေးပေါ်အခန်းများ ပိတ်သိမ်းလိုက်ရပြီး လူနာတင်ယာဉ်များကို လမ်းကြောင်းလွှဲခဲ့ရပါတယ်။

 

ကွန်ရက်ထိခိုက်မှု အတိုင်းအတာကို သိရှိဖို့အတွက် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်နေပြီး မူလစောင့်ရှောက်ရေးဝန်ဆောင်မှု အများအပြားကိုလည်း ပိတ်ထားခဲ့ပါတယ်။

 

ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းကိုတော့ လက်ရှိအချိန်အထိ မသိရသေးပါဘူး။

 

ကွန်နက်တီကတ်၊ ပန်ဆယ်လ်ဗေးနီးယား၊ ရုတ်ဒ်အိုက်လန်း၊ တက္ကဆပ်တို့မှာ ဆေးရုံတွေ ဆေးခန်းတွေရှိတဲ့ လော့စ်အိန်ဂျလိစ်အခြေစိုက် Prospect Medical Holdings ရဲ့ ကွန်ပျူတာစနစ်တွေဟာ ransomware ဖြင့် ဟက်ခံခဲ့ရကြောင်း ဒေသတွင်းမီဒီယာများ ဖော်ပြခဲ့ကြပါတယ်။

 

"Prospect Medical Holdings, Inc ဟာ လုပ်ငန်းလည်ပတ်မှုတွေကို ထိခိုက်စေလောက်တဲ့ ဒေတာလုံခြုံရေးပြဿနာတစ်ခု ကြုံတွေ့ခဲ့ရပါတယ်" လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

 

"ဟက်ခံရတာကို သိရှိပြီးနောက် အချက်အလက်တွေ ကာကွယ်နိုင်ရန်အတွက် ဆေးရုံစနစ်တွေကို အော့ဖ်လိုင်းပြောင်းလဲခဲ့ကာ ပြင်ပဆိုက်တာလုံခြုံရေး ကျွမ်းကျင်သူများရဲ့ အကူအညီဖြင့် စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ စုံစမ်းမှုများ ဆက်လက်လုပ်ဆောင်နေပြီး လုပ်ငန်းလည်ပတ်မှုများ တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရန် သေချာလုပ်ဆောင်နေကာ လူနာများရဲ့ လိုအပ်ချက်များအတိုင်း ကိုင်တွယ်ဖြေရှင်းနိုင်ရန် အာရုံစိုက်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

ကွန်နက်တီကတ်မှာဆိုရင် မန်ချက်စတာမမ်မိုရီယယ်နဲ့ ရော့ခ်ဗီးလ်အထွေထွေဆေးရုံတို့ရှိ အရေးပေါ်ဌာနများကို ကြာသပတေးနေ့က ပိတ်သိမ်းခဲ့ရကာ လူနာများကို အနီးနားရှိ အခြားဆေးဘက်ဆိုင်ရာဌာနများသို့ ညွှန်ကြားပေးခဲ့ကြောင်း AP သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

 

အဖွဲ့အစည်းအားလုံးအပေါ် ဆိုက်ဘာတိုက်ခိုက်မှုရဲ့ သက်ရောက်မှုကို အကဲဖြတ်ပေးမယ့် အဖွဲ့တစ်ဖွဲ့ရှိတယ်လို့ ကွန်နက်တီကတ်အရှေ့ပိုင်းကျန်းမာရေးကွန်ရက်မှ အော်ပရေးတင်းအရာရှိ 'ဂျီလီယန်မန်ဇယ်လ်'က ကြေညာခဲ့ပါတယ်။

 

FBI ကလည်း တရားဥပဒေစိုးမိုးရေး မိတ်ဖက်များ၊ နစ်နာသူအဖွဲ့အစည်းများနဲ့ လက်တွဲလုပ်ဆောင်နေကာ ဆက်လက်စုံစမ်းရေးအတွက်တော့ နောက်ထပ်မှတ်ချက်မပေးခဲ့ပါဘူး။

 

ပန်ဆယ်လ်ဗေးနီးယားမှာတော့ ဆေးရုံတွေမှာ ကွန်ပျူတာအများစုက အော့ဖ်လိုင်းဖြစ်နေတာကြောင့် စာရွက်စာတမ်းစနစ်သို့ ပြောင်းလဲထားကြောင်း ခရိုဇာချက်စတာဆေးဘက်ဆိုင်ရာစနစ်မှ သူနာပြုများသမဂ္ဂမှ ပြောကြားလိုက်ပါတယ်။

 

လာမယ့်သီတင်းပတ်အထိ ကွန်ပျူတာများမှာ အွန်လိုင်းပြန်ရဖွယ်မရှိကြောင်းလည်း Prospect Medical မှ အလုပ်သမားအဖွဲ့ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

 

ဆိုင်းငံ့ထားရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေထဲမှာ ရွေးချယ်ထားတဲ့ ခွဲစိတ်မှုများ၊ ပြင်ပလူနာချိန်းဆိုချက်များ၊ သွေးစစ်ဆေးမှုများ၊ အခြားဝန်ဆောင်မှုများ ပါဝင်ပါတယ်။

 

စင်တာအချို့ကတော့ အရေးပေါ်ဌာနများကို ကြာသပတေးနေ့နှောင်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် မူလစောင့်ရှောက်ရေးဝန်ဆောင်မှု အများအပြားကို သောကြာနေ့မှာ ပိတ်ထားပါတယ်။


#World_News #ဆေးရုံကွန်ယက်ကိုဆိုက်ဘာတိုက်ခိုက်ခံရ
#Source: WION