Published_ 24 July 2023

ရုရှားတို့စတင်ကျူးကျော်စဥ် သိမ်းပိုက်ထားတဲ့ နယ်မြေတွေရဲ့ တဝက်လောက်ကို ယူကရိန်းက ပြန်လည်သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ကာ နောက်ထပ်သိမ်းယူနိုင်ဖို့အတွက် ယူကရိန်းအနေနဲ့ အတော်လေးခက်ခဲနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'က ပြောကြားလိုက်ပါတယ်။

"အစပိုင်းက သိမ်းပိုက်ခံခဲ့ရတဲ့ နယ်မြေတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်" လို့ ဘလင်ကန်က တနင်္ဂနွေနေ့က CNN နဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

"ဒါဟာ တန်ပြန်ထိုးစစ်ရဲ့ အစောပိုင်းကာလတွေပဲ ရှိသေးပြီး ခက်ခဲကြမ်းတမ်းလှပါတယ်။

နောက်တစ်ပတ် နှစ်ပတ်နဲ့ ပြီးဦးမှာ မဟုတ်ပါဘူး။ လပေါင်းများစွာ ကြာမြင့်ဦးမယ်လို့ ခန့်မှန်းရပါတယ်" လို့ ဆိုပါတယ်။

ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်ခြင်းရဲ့ အခြေအနေက ဖြစ်ချင်တာထက် နှောင့်နှေးနေကြောင်း ယူကရိန်းသမ္မတ 'ဗိုလိုဒီမီယာဇယ်လန်စကီ'က ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။

တောင်ပိုင်းရှိ ရွာအချို့၊ အရှေ့ဘက် ဘက်ခ်မွတ်မြို့ပျက်အနီးတဝိုက် နယ်မြေတွေကို ယူကရိန်းက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရုရှားတို့ အင်အားကြီးမားစွာ ခုခံကာကွယ်နေတဲ့ နေရာတွေမှာတော့ ကြီးကြီးမားမား ဖြတ်ကျော်နိုင်ခြင်း မရှိသေးပါဘူး။

ယူကရိန်းကို အမေရိကန်ထုတ် F-16 တိုက်လေယာဉ်တွေ ပေးမှာလားဆိုတာကို မေးမြန်းခဲ့ရာမှာ ရောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

အဓိကအာရုံစိုက်ရမှာက ဒီလေယာဉ်တွေကို ယူကရိန်းတို့ ပါးနပ်စွာအသုံးချနိုင်ဖို့၊ ထိန်းသိမ်းတတ်ဖို့ သေချာစွာ လေ့ကျင့်သင်ကြားရမှာဖြစ်ကြောင်း ဆိုပါတယ်။

ယူကရိန်းလေယာဉ်မှူးများ F-16 တိုက်လေယာဉ် မောင်းနှင်နိုင်ရန် မဟာမိတ် ၁၁ နိုင်ငံက ဩဂုတ်လအတွင်း ဒိန်းမတ်နိုင်ငံမှာ စတင်လေ့ကျင့်သင်ကြားသွားမှာဖြစ်ပြီး ရိုမေးနီးယားမှာ လေ့ကျင့်ရေးစင်တာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

F-16 ထောက်ပံ့ပေးရန် ယူကရိန်းဘက်က ကာလကြာရှည်စွာ တောင်းဆိုထားပြီး ဝါရှင်တန်အနေနဲ့ ထိုလေယာဉ်များ ပေးပို့ရန် နောက်ဆုံးဆုံးဖြတ်ချက် မချသေးကြောင်း အမေရိကန်လုံခြုံရေးအကြံပေး 'ဂျိတ်ခ်ဆာလီဗန်'က ပြီးခဲ့တဲ့လက ပြောကြားသွားပါတယ်။

လေယာဉ်များ ပေးပို့ရန်နဲ့ လေ့ကျင့်သင်ကြားရေးအတွက် အနည်းဆုံး ၁၈ လကြာမြင့်လိမ့်မယ်လို့ အမေရိကန်အရာရှိများက ခန့်မှန်းထားပါတယ်။

၂၀၂၂ ဖေဖော်ဝါရီလ ရုရှားတို့ စတင်ကျူးကျော်ပြီးကတည်းက အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၄၁ ဘီလီယံကျော် ထောက်ပံ့ပေးပြီး ဖြစ်ပါတယ်။
Source: Reuters
#World_Military
#YMG #Yangon_Times