၁၉ ဇူလိုင်၊၂၀၂၃

ထိုင်းနိုင်ငံက ဖွဲ့စည်းပုံအခြေခံခုံရုံးက ရှေ့သို့ပါတီ Move Forward Party ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်းအဖြစ် စာရင်းတင်သွင်းထားသူ ပီတာလင်မ်ဂျရွန်ရတ်ကို အောက်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဗုဒ္ဓဟူးနေ့(ဇူလိုင်၁၉) ရက်မနက်မှာ ဆိုင်းငံ့လိုက်ပါတယ်။

မစ္စတာပီတာဟာ အိုင်တီဗွီ မီဒီယာကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဆက်ခံခဲ့သူအဖြစ်တိုင်တန်းမှုကိုလက်ခံလိုက်ပြီးနောက် ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ကြောင်းကြေညာလိုက်  ခြင်းဖြစ်ပါ တယ်။

ထိုင်းအခြေခံဥပဒေအရ ပါလီမာန်အမတ်တွေကို မီဒီယာအဖွဲ့အစည်းတွေမှာ ရှယ်ယာပိုင်ဆိုင်ခွင့် တားမြစ်ထားပါတယ်။ မစ္စတာပီတာဟာ ကွယ်လွန်သူဖခင်ရဲ့ ပိုင်ဆိုင်မှုအစိတ်အပိုင်းအဖြစ် ရှယ်ယာပေါင်း ၄၂၀၀၀ ကိုသေတမ်းစာအရသာ ရရှိခဲ့ခြင်းဖြစ်ပြီးအဲဒါတွေအားလုံးကို ဆွေမျိုးတွေဆီ လွှဲပေးပြီဖြစ်တယ်လို့ စောဒကတက်ထားပါတယ်။

ယခုလိုလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှဆိုင်းငံ့ခံရသော်လည်း သူ့ကို ဝန်ကြီးချုပ်အဖြစ်အမည်စာရင်းတင်သွင်းခဲ့မှု အပေါ် ဟန့်တားလို့မရပါဘူး။ ဒီကနေ့မှာ အဲဒီအတွက် လွှတ်တော်ပူးတွဲအစည်းအဝေးကျင်းပပြီး အချေအတင် ပြောဆိုကြမှာဖြစ်ပါတယ်။

အဲဒီအမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ ပြီးခဲ့တဲ့အပတ်က ရောက်ရှိခဲ့ပါတယ်။

မစ္စတာပီတာဟာ မီဒီယာအဖွဲ့အစည်းရဲ့ ရှယ်ယာရှင်ဖြစ်လို့ သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်က အခြေခံဥပဒေခုံရုံးကို ထောက်ခံတင်ပြခဲ့ပါတယ်။

အဲဒါကြောင့် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ခုံရုံးက အဲဒီအမှုကို ကန့်ကွက်သူမရှိ သဘောတူလက်ခံခဲ့ကြတာဖြစ်ပါတယ်။အဲဒီအပြင် သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှဆိုင်းငံ့ဖို့ကိုလည်း ထောက်ခံမဲ(၇)မဲ ကန့်ကွက်မဲ(၂)မဲနှင့် ခုံရုံးက အတည်ပြုခဲ့ပါတယ်။

မစ္စတာပီတာဟာ ခုံရုံးစာရရှိပြီး ၁၅ရက်အတွင်းဖြေရှင်းချက်ပေးပို့ရမှာဖြစ်ပါတယ်။

Source-Bangkok Post

#ThailandPolitics

#PitaLimjaroenrat