Published 11 July 2023

ထိုင်းနိုင်ငံမှ Move Forward Party(MFP)ပါတီခေါင်းဆောင် 'ပီတာလင်မ်ဂျရိုအင်ရတ်' iTV ရှယ်ယာပါဝင်ခဲ့ဖူးတဲ့ကိစ္စကို ရွေးကောက်ပွဲကော်မရှင်(EC)က ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးသို့ တင်သွင်းခဲ့ပါက ကြာသပတေးနေ့ ဝန်ကြီးချုပ်သစ်နေရာအတွက် အထက်လွှတ်တော်အမတ်များ အရေးကြီးမဲပေးမှု အပြောင်းအလဲဖြစ်သွားနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်နာဟောင်းတစ်ဦးက ပြောကြားလိုက်ပါတယ်။

တရားရုံးကသာ ဒီကိစ္စကိုလက်ခံစဉ်းစားပြီဆိုရင် မစ္စတာပီတာကို လွှတ်တော်အမတ်အဖြစ်မှ တာဝန်ဆိုင်းငံ့ထားနိုင်ကာ ကြာသပတေးနေ့ မဲပေးမှုကို သက်ရောက်လာနိုင်တယ်လို့ 'ဆွမ်ချိုင်သီရိဆုထီယာကွန်'က ပြောကြားလိုက်ပါတယ်။

လွှတ်တော်အမတ်အဖြစ် ပါလီမန်ထဲ ဝင်ရောက်ခွင့်မရှိပေမယ့် ဝန်ကြီးချုပ်လောင်းအဖြစ် ယှဉ်ပြိုင်နိုင်သေးကြောင်း ဆိုပါတယ်။

ဒါဟာ မစ္စတာပီတာရဲ့ မကိုက်ညီမှုကြောင့် မဲပေးရာမှာ ပြဿနာရှိလာမှာကို စိုးရိမ်နေတဲ့ အထက်လွှတ်တော်အမတ်များအနေဖြင့် မဲမပေးချင်ရတဲ့ အကြောင်းပြချက် ဖြစ်လာနိုင်ပါတယ်။

MFP ပါတီရဲ့ တစ်ဦးတည်းသော ဝန်ကြီးချုပ်လောင်းဖြစ်တဲ့ မစ္စတာပီတာဟာ iTV မှာ ရှယ်ယာ ၄၂,၀၀၀ ပိုင်ဆိုင်ထားတာကြောင့် ရွေးကောက်ပွဲယှဉ်ပြိုင်ရန် ပြည့်မီခြင်းမရှိဘူးလို့ စွပ်စွဲခံနေရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ မီဒီယာအစုရှယ်ယာများမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်များကို ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပါတယ်။

တရားရုံးသို့တင်ပြရန် ဆုံးဖြတ်ခြင်းမပြုမီ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မစ္စတာပီတာကို စွပ်စွဲချက်များမှ ကာကွယ်ခွင့်ရရှိရန် ဆင့်ခေါ်သင့်ကြောင်း မစ္စတာ'ဆွမ်ချိုင်'က ဆိုပါတယ်။

မစ္စတာပီတာရဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ကို စစ်ဆေးနေတဲ့ ရွေးကောက်ပွဲကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့က ရှာဖွေတွေ့ရှိချက်တွေကို အဓိကကော်မတီထံ ယမန်နေ့က တင်ပြထားပါတယ်။

တရားရုံးကသာ အမှုကိုလက်ခံလိုက်ရင် မစ္စတာပီတာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားရန် အောက်လွှတ်တော်ဥက္ကဌကို တောင်းဆိုသွားမှာဖြစ်ပါတယ်။

ဒါပေမဲ့ မစ္စတာပီတာကို ကြာသပတေးနေ့အတွက် ဝန်ကြီးချုပ်မဲပေးခြင်းမှာ ပါဝင်နိုင်ပါသေးတယ်။

အကယ်၍မစ္စတာပီတာသာ မဲပေးမှုမှာ အနိုင်ရခဲ့ရင်တောင် ဝန်ကြီးချုပ်တာဝန်များကို ထမ်းဆောင်နိုင်ဦးမှာ မဟုတ်ပါဘူး။

MFP အထွေထွေအတွင်းရေးမှူးချုပ် 'ချိုင်ထဝက်တူလာသွန်'က ဒီအမှုကိစ္စကို တရားရုံးသို့ရောက်စေမည့် ဆုံးဖြတ်ချက်မှန်သမျှ ကန့်ကွက်သွားဖို့ ရွေးကောက်ပွဲကော်မရှင်ထံ အရေးပေါ်စာပို့ထားကြောင်း တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

မစ္စတာပီတာက ရွေးကောက်ပွဲကော်မရှင်ဟာ သူ့ကို ခေါ်ကြားခြင်းမရှိသေးကြောင်း၊ သို့ပေမယ့် အဆင်သင့်ဖြစ်နေကြောင်း၊ MFP နဲ့ အထက်လွှတ်တော်အမတ်များကြား ဆွေးနွေးမှုများပြုလုပ်ခြင်းဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်နိုင်ကြောင်း ပြောကြားသွားပါတယ်။
Source: Bangkok Post
#World_Politics
#YMG #Yangon_Times