Published 11 July 2023

လူတစ်ဦးရဲ့ မေးရိုးပေါ်က အလေးချိန် ၃ ပေါင်ရှိတဲ့ ဧရာမအကျိတ်ကြီးကို ဖယ်ရှားပြီးနောက် အီတလီခွဲစိတ်ဆရာဝန်တွေက ခြေထောက်အရိုးကို အသုံးပြုပြီး မျက်နှာကို ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။

ခွဲစိတ်မှုကို မီလန်မြို့ ဂယ်လီယာဇီဆန့်အမ်ဘရိုဂျီယိုဆေးရုံမှာ ပြုလုပ်ခဲ့ပြီး ရှုပ်ထွေးတဲ့ ခွဲစိတ်မှုဖြစ်ကြောင်း ဦးဆောင်ခွဲစိတ်ဆရာဝန် 'အဲလက်ဆန်ဒရိုဘာဂျ်'က ပြောကြားခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် 'အိန်ဂျလို'အမည်ရတဲ့ အမျိုးသားဟာ မျက်နှာမှာ အကျိတ်ကြီးတစ်ခုဖြစ်နေပြီး စားသောက်ခြင်းနဲ့ အသက်ရှူခြင်းတို့ကို ခက်ခဲစေခဲ့ပါတယ်။

ဓာတ်ပုံတွေမှာတော့ သူ့မျက်နှာပေါ်ကို လုံးဝဖုံးအုပ်နေတဲ့ အဖုကြီးကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ထိုအကျိတ်ကို လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ ခုကတည်းက တွေ့ရှိထားတာဖြစ်ပေမယ့် ထိန်းမရနိုင်အောင် ကြီးလာတဲ့အခါမှသာ ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

ကံဆိုးစွာနဲ့ပဲ ထွက်နေတဲ့အဖုအရွယ်အစားအရ ဆရာဝန်တွေဟာ အကျိတ်ရှိတဲ့မေးရိုး အစိတ်အပိုင်းကိုပါ ဖယ်ရှားခဲ့ရပါတယ်။

မျက်နှာအကောင်းအတိုင်း ပြန်ရဖို့ မျက်နှာအောက်ပိုင်း လုပ်ဆောင်ချက် ပြန်လည်ပြုပြင်ရန် အိန်ဂျလိုရဲ့မေးရိုးကို ခွဲစိတ်ပြီး ပြန်လည်တည်ဆောက်ဖို့ လိုအပ်လာပါတယ်။

အရင်ဆုံး ခွဲစိတ်ဆရာဝန်တွေက CT စကင်နဲ့ 3D ပရင်တာတို့ကို အသုံးပြုပြီး အမျိုးသားရဲ့မေးရိုးနဲ့ အကျိတ်တို့ကို ပုံတူဖန်တီးကာ ဒီဂျစ်တယ်ပုံကြမ်း ဖန်တီးခဲ့ကြပါတယ်။

ခြေသလုံးရိုးအသေးကို အနည်းငယ်ခွဲယူကာ မေးရိုးပုံစံအတိုင်းအတိအကျဖြစ်အောင် ပြန်လည်ဖန်တီးယူလိုက်ပါတယ်။

အဲဒီနောက် ထိုအရာကို အိန်ဂျလိုရဲ့မျက်နှာထဲ အစားထိုးထည့်သွင်းလိုက်ပါတယ်။

ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ချေအနည်းငယ်ရှိကာ အိန်ဂျလိုသက်သာလာခြင်းကို ဆရာဝန်တွေ စောင့်ကြည့်သွားဖို့ လိုအပ်ပါတယ်။

အဆင်ပြေတယ်ဆိုရင် သွားအစားထိုးထည့်ခြင်း၊ ပါးစပ်ကြွက်သား ပြန်လည်တည်ဆောက်ခြင်းတို့ ဖြစ်လုပ်မှာဖြစ်ကာ အလှအပဆိုင်ရာဆရာဝန်များက အကျိတ်ကကျန်ခဲ့တဲ့ တစ်ရှူးများကို ဖယ်ရှားမှာဖြစ်ပါတယ်။
Source: NY Post.
#World_Health
#YMG #Yangon_Times