#World_Politics
Published 3 May 2023


ပြီးခဲ့တဲ့လ မီဒီယာမှာသတင်းမပေါက်ကြားခင် ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အရေးကြီးအချက်အလက်များပါဝင်တဲ့ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားမှုနဲ့ပတ်သက်ပြီး အမေရိကန်က ယူကရိန်းအသိမပေးခဲ့ဘူးလို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ဝါရှင်တန်ပို့စ်ကို ပြောကြားခဲ့ပါတယ်။

 

အမေရိကန်လုံခြုံရေးရဲ့ အရှက်ရဖွယ်ပေါက်ကြားမှုကြောင့် ရုရှားတပ်တွေကို ယူကရိန်းတန်ပြန်တိုက်ခိုက်မယ့်အစီအစဉ်တွေနဲ့ ယူကရိန်းလေကြောင်းကာကွယ်ရေး စိုးရိမ်မှုများပါ ထွက်ပေါ်လာခဲ့ပါတယ်။

 

"ဒီမတိုင်ခင် အိမ်ဖြူတော် ဒါမှမဟုတ် ပင်တဂွန်ကနေ သတင်းအချက်အလက် လက်ခံမရရှိခဲ့ကြောင်း ဇယ်လန်စကီက မေလ ၁ ရက်နေ့အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

 

ဇယ်လန်စကီရဲ့ပြောဆိုချက်ကို ပင်တဂွန်သတင်းစာရှင်းလင်းပွဲအတွင်းရေးမှူး 'ပက်ရိုင်ဒါ'က အတည်ပြုခြင်း ငြင်းဆိုခြင်းမရှိဘဲ အမေရိကန်အနေဖြင့် နိုင်ငံများကာကွယ်ရန် လိုအပ်တဲ့လုံခြုံရေးအကူအညီများရရှိစေရန် ယူကရိန်း၊ မဟာမိတ်နိုင်ငံများနဲ့ အလွန်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုထားဆဲဖြစ်ကြောင်း CNN ကို ပြောကြားခဲ့ပါတယ်။

 

ဆယ်စုနှစ်အတွင်း အစိုးရသတင်းအဆိုးရွားဆုံးပေါက်ကြားမှုဖြစ်စေခဲ့တဲ့ ကိစ္စအတွက် အမေရိကန်လေတပ်ကာကွယ်ရေးမှ အသက် ၂၁ နှစ်အရွယ် အိုင်တီကျွမ်းကျင်သူ'ဂျက်ခ်တက်ဆယ်ရာ'ကို စွပ်စွဲထားပါတယ်။

 

နိုင်ငံတော်လုံခြုံရေးကို ဆိုးရွားလွန်းတဲ့အန္တရာယ်ဖြစ်စေတယ်လို့ ပင်တဂွန်ကဆိုလိုက်ကာ ပြီးခဲ့တဲ့လက ဖောက်ဖျက်မှုဆိုင်ရာစွဲချက် ၂ ခုဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။

 

ဒါဟာ အိမ်ဖြူတော်ရော အမေရိကန်ရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်​စေတယ်လို့ ဇယ်လန်စကီက ပြောကြားခဲ့ပါတယ်။

 

အချက်အလက်တွေထဲမှာ ရုရှားနဲ့ယူကရိန်းတပ်ဖွဲ့ဝင်များနဲ့ လက်နက်အပျောက်အဆုံးများ၊ ပင်လယ်နက်အတွင်း နေတိုးလေ့လာရေးယာဉ်များအကြောင်းအသေးစိတ်နဲ့ အနီးကပ်မိတ်ဖက်ယူကရိန်းအပေါ် အမေရိကန်စောင့်ကြည့်ထောက်လှမ်းတဲ့ မှတ်တမ်းတွေလည်း ပါဝင်ပါတယ်။

 

ရန်သူအတွက် တစ်နည်းမဟုတ်တစ်နည်း အသိပေးနေတဲ့ဘယ်လိုအချက်အလက်မဆို သူတို့အတွက်တော့ အားနည်းချက်ဖြစ်လာကြောင်း ဇယ်လန်စကီကဆိုပါတယ်။

 

ရုရှားကျူးကျော်မှုစတင်ကတည်းက ဒေါ်လာဘီလီယံချီထောက်ပံ့ကူညီထားတဲ့ အမေရိကန်မှ ဆက်သွယ်မှုမရှိခြင်းအပေါ် ခံစားနေမယ့်အစား ပိုပြီးအရေးကြီးတဲ့စစ်ပွဲကိုသာ ဦးစားပေးရမယ်လို့ ပြောကြားခဲ့ပါတယ်။

 

တက်ဆယ်ရာက မကြာသေးမီ မတ်လအစောပိုင်းရက်စွဲပါတဲ့ စာရွက်စာတမ်းအချို့ကို Discord ဆိုရှယ်မီဒီယာရှိ သီးသန့်အဖွဲ့သို့ ပေးပို့နေခဲ့တယ်လို့ သံသယရှိခဲ့ပါတယ်။

 

Source: CNA #World_Politics #အချက်အလက်များပေါက်ကြားမှု #ယူကရိန်းသမ္မတ
#YMG #Yangon_Media_Group