#World_News
Published_ 1 May 2023

တက္ကဆပ်ပြည်နယ် ကလိဗ်လန်းမှာ အိမ်နီးချင်း ၅ ယောက်ကို သေနတ်ဖြင့်ပစ်သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့လူတစ်ယောက်ကို တက္ကဆပ်ရှိ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်က တနင်္ဂနွေနေ့မှာ ရှာဖွေခဲ့ကြပါတယ်။

အိမ်နီးချင်းတွေက AR-15-style ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်နေတဲ့ အသက် ၃၈ နှစ်အရွယ် 'ဖရန်ဆစ္စကိုအော်ရိုပီဆာ'ကို မပစ်ခတ်ရန်တောင်းဆိုခဲ့ပြီးနောက် သူက အိမ်နီးချင်းတွေကို ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

ထိခိုက်သေဆုံးသူထဲမှာ အသက် ၈ နှစ်အရွယ်ယောက်ျားလေးတစ်ဦးလည်း ပါဝင်ပါတယ်။

အခုလောလောဆယ်တော့ ခြေရာခံလို့မရသေးဘူးလို့ FBI ဟူစတန်အထူးအေးဂျင့်တာဝန်ရှိသူ 'ဂျိမ်းစ်စမစ်'က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရဲအရာရှိ ၂၀၀ ကျော်က တစ်အိမ်တက်တစ်အိမ်ဆင်းဖြင့် သံသယရှိသူကို လိုက်လံရှာဖွေနေကြောင်း ဆန်ယာစင်တိုကောင်တီရဲအရာရှိ ဂရက်ကိတ်ပါစ်က ပြောကြားခဲ့ပါတယ်။

အာဏာပိုင်များက သံသယရှိသူကို သတင်းပေးနိုင်ရင် ဆုငွေ ဒေါ်လာ ၈ သောင်း ပေးဆောင်မယ်လို့ ကြေညာထားပါတယ်။

FBI က နောက်ထပ်အသေးစိတ်များကိုတော့ မဖော်ပြသေးပါဘူး။

အရာရှိများက သောကြာနေ့ ည ၁၁ နာရီ ၃၁ မိနစ်မှာ ဟူစတန်မြောက်ပိုင်း ၄၅ မိုင်ခန့်ရှိ ကလိဗ်လန်းနေအိမ်တစ်အိမ်မှ ဖုန်းလက်ခံရရှိခဲ့ပါတယ်။

သံသယရှိသူက သောကြာနေ့ညမှာ သူ့အိမ်မှထွက်ခွာလာပြီး ခြံဝင်းအတွင်း ပစ်ခတ်ခဲ့ကြောင်း၊ ထိခိုက်ခဲ့သူအချို့က သူ့ကိုရပ်တန့်ဖို့တောင်းဆိုစဉ် စတင်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဲဒီလူက ခြံစည်းရိုးဆီသွားတော့ အိမ်နီးချင်းတွေက အထဲမှာကလေးအိပ်ပျော်နေတဲ့အတွက် တိတ်ဆိတ်နေရန် တောင်းဆိုခဲ့တယ်လို့ ကိတ်ပါစ်က ဆိုပါတယ်။

နှစ်ဖက်စလုံးမှ အိမ်တွေထဲပြန်ဝင်သွားပြီးတော့ ထိုလူက ကျည်တောင့်ကိုဖြည့်လိုက်ကာ ကားလမ်းအတိုင်းလျှောက်လာပြီး အိမ်တွေကိုပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူအများစုဟာ ဦးခေါင်းကိုထိမှန်ခဲ့ကာ အားလုံးက ဟွန်ဒူးရပ်စ်မှလူတွေ ဖြစ်နေပါတယ်။

ထိုခြံထဲမှာ သေနတ်သံတွေဆူညံနေတယ်လို့ ရဲတွေထံ တိုင်ကြားမှုများ အရင်ကလည်း ရှိနေခဲ့ပါတယ်။

သေဆုံးသူအားလုံးက သူတို့အိမ်ထဲမှာ ရှိနေခဲ့တာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ဆွေမျိုးမပတ်သက်ပါဘူး။

အမေရိကန်မှာ လူအစုလိုက်အပြုံလိုက်ပစ်သတ်မှု ဖြစ်ပွားလျက်ရှိရာ ၂၀၂၃ အတွင်း အနည်းဆုံး ၁၇၆ မှုရှိနေနိုင်ပါတယ်။
Source: Reuters
#World_News
#YMG#Yangon_Media_Group