Published 15 April 2023

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဟာ  ယနေ့ ဧပြီ ၁၅ ရက်က ဂျပန်နိုင်ငံအနောက်ပိုင်းမှာ အပြင်ဘက်မှာ မိန့်ခွန်း  ပြော  နေတုန်း မီးခိုးဗုံးလို့ယူဆရတာ နှင့် လူတစ်ဦးကပစ်ပေါက်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်ကို အနာတရမဖြစ်စေဘဲ ကယ်ထုတ်ခဲ့ရပါတယ်။

ကျယ်လောင်တဲ့ပေါက်ကွဲသံတစ်ခုကြားရပြီး  မြင်ကွင်းမှာ လူတစ်ဦးကို ရဲတွေက ထိန်းချုပ်လိုက်ကြပြီးနောက် ဝန်ကြီးချုပ် ကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးခဲ့ကြတယ်လို့ အင်န်အိတ်ချ်ကေက သတင်းထုတ်ပြန်ပါတယ်။

“ မိန့်ခွန်းပြောတဲ့နေရာမှာ ကျယ်လောင်တဲ့ပေါက်ကွဲသံနှင့်ပတ်သက်လို့ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီ” လို့ သူ့ရဲ့ မဲဆွယ်မိန့်ခွန်းကိုပြန်ပြောတဲ့အခါ ကီရှီဒါက ထည့်သွင်းပြောကြားပါတယ်။ “ လူတော်တော်များများ စိတ်ပူသွားရတဲ့ အတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ အရေးကြီးတဲ့ ရွေးကောက်ပွဲတစ်ခုရဲ့ အလယ်မှာရှိနေကြပါတယ်။ ဒါကို အတူတူလုပ်ဆောင်ကြရမှာပါ” လို့သူကဆက်ပြောပါတယ်။

ခေတ်သစ်ဂျပန်နိုင်ငံကို အရှည်လျားဆုံး ဦးဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ပါလီမန်ရွေးကောက်ပွဲ အတွက်မဲဆွယ်စဉ်  လက်လုပ်သေနတ်နှင့် ပစ်ခတ်ခံရမှုကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်က သေဆုံးခဲ့ရပါတယ်။ အဲဒါကြောင့် တစ်နိုင်ငံလုံးထိတ်လန့်တုန်လှုပ်ခဲ့ကြရပြီး နိုင်ငံရေးသမားတွေ လုံခြုံရေးအတွက် ပြန်လည်သုံးသပ်မှုတွေ လုပ်ခဲ့ကြပါတယ်။

ဂျပန်ပါလီမန်အတွက် ကြားဖြတ်ရွေးကောက်ပွဲတစ်ခုကို ဧပြီ ၂၃ရက်မှာပြုလုပ်သွားဖို့ရှိနေပါတယ်။

စနေနေ့ မနက်ပိုင်း မှာဖြစ်ခဲ့တဲ့ အဆိုပါဖြစ်ရပ်ဟာ  ဝါကာယာမာစီရင်စုက ဆိုင်ကာဇာကီ ငါးဖမ်းဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့ တာပါ။ အဲဒီဖမ်းဆီးခံရသူဟာ ငါးဖမ်းသမအသင်းက ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ အဆာဟီသတင်းစာကရေးသားပါတယ်။ အဲဒီသူကိုရဲက မြေကြီးပေါ်ဆွဲပြီးလှဲလိုက်ပြီးနောက် ကီရှီဒါရပ်နေတဲ့အနားမှာ မီးခိုးလုံးတွေမြင်ကြရပါတယ်။

ပစ်ပေါက်လိုက်တဲ့ အရာဝတ္တုတစ်ခုကို အင်န်အိတ်ချ်ကေကထုတ်လွှင့်ပြသရာ အဲဒီပစ္စည်းက သတ္တုဆလင်ဒါတစ်ခု ဖြစ်ပုံရပါတယ်။

လူအုပ်တွေပြေးလွှားနေကြပြီး လူတစ်ဦးကိုရဲတွေက မြေကြီးပေါ်ချုပ်ထားတာကို အင်န်အိတ်ကေရုပ်သံမှာမြင်တွေ့ကြရ ပါတယ်။ အဲဒီသူဟာ အသက် ၂၀နှင့် ၃၀ဝန်းကျင်တစ်ဦးဖြစ်ပုံရတယ်လို့ မီဒီယာတွေကပြောပါတယ်။ ရဲတွေက အသက် ၂၄နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကျိုဒိုသတင်းဌာနကရေးပါတယ်။

ကီရှီဒါဟာ ဂျီဆဲဗင်း ထိပ်သီးအစည်းအဝေးကို လာမယ့်လာမှာ ဟီရိုရှီးမားမှာ ကျင်းပဖို့ရှိနေပါတယ်။ ဒီဖြစ်ရပ်ကြောင့် တနင်္ဂနွေနေ့မှာ ကာရူအီဇီဝါမှာကျင်းပမယ့် ဂျီဆဲဗင်း နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး လုံခြုံရေးအစီအစဉ် ပြောင်း စရာမရှိဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

Source Reuters

#ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါ

#ဂျပန်ဝန်ကြီးချုပ်မီးခိုးဗုံးဖြင့်အပစ်ခံရ