Published 27 March 2023

အလီဘာဘာတည်ထောင်သူ ဂျက်မားဟာ တရုတ်နိုင်ငံကိုပြန်လည်ရောက်ရှိလာပြီး ပြည်ပနိုင်ငံတွေမှာ တစ်နှစ်ကျော် နေထိုင်ခဲ့မှုကို အဆုံးသတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို ဂျက်မားပြန်လာတာကို တရုတ်စီးပွားရေးလုပ်ငန်းတွေကို အလေး အနက်ထားလာတဲ့သဘော ထင်ဟပ်နေတယ်လို့ လုပ်ငန်းရှင်အသိုက်အဝန်းကရှုမြင်ထားကြပါတယ်။

တရုတ်ရဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို (၂)နှစ်ကြာ ဥပဒေအရနှိမ်နှင်းမှုတွေပြုလုပ်အပြီးမှာ တရုတ်ရဲ့ လူသိအများဆုံး လုပ်ငန်းရှင် ပြန်လာခြင်းဟာ ပုဂ္ဂလိကလုပ်ငန်းတွေအပေါ်စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးရာမှာ အထောက်အကူဖြစ် စေကောင်းဖြစ်စေနိုင်ပါတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။

တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာတွေမှာ ဂျက်မားပြန်လည်ရောက်ရှိလာတာတွေကို မတ် ၂၇ ရက်နေ့ တနင်္လာနေ့ မနက်က စပြီး ပြောဆိုရေးသားမှုတွေ တွေ့လာကြရတာဖြစ်ပါတယ်။ အဲဒီနောက် အလီဘာဘာကပိုင်ဆိုင်တဲ့ ကျောင်းတစ်ကျောင်း ကို သူသွားရောက်ခဲ့တဲ့သတင်း တောင်တရုတ်နံနက်ခင်းသတင်းစာက ဖော်ပြကာ အတည်ပြုပေးခဲ့ပါတယ်။

အင်္ဂလိပ်စာဆရာတစ်ဦးဖြစ်တဲ့ ဂျက်မားဟာ  ဉာဏ်ရည်တုနှင့်မောင်းနှင်တဲ့  ChatGPTလိုမျိုးကိစ္စတွေကို ကျောင်းမှာ ဆွေးနွေးခဲ့ပါတယ်။ အဲဒီအပြင် သူဟာ တစ်နေ့နေ့မှာ စာသင်တဲ့အလုပ်ပြန်လုပ်ဖို့ မျှော်လင့်ထားတယ်လို့လည်း အဆိုပါ ယွန်ဂူကျောင်းရဲ့ တရားဝင် WeChat အကောင့်ကနေ ဖော်ပြထားပါတယ်။

အဲဒီကျောင်းကို ဂျက်မားနှင့် အခြားသော အလီဘာဘာတည်ထောင်သူတွေက သူတို့ရဲ့ ဇာတိမြေ ဟန်ကျိုးမှာ ၂၀၁၇ခုနှစ်တုန်းက တည်ထောင်ပေးခဲ့ကြတာဖြစ်ပါတယ်။

မားဟာ တရုတ်ကို ပြီးခဲ့တဲ့အပတ်ကတည်းက ပြန်ရောက်လာတာဖြစ်တယ်လို့ အဲဒီအကြောင်းသိသူနှစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်ရုံး ဝန်ကြီးချုပ်အသစ် လီရှန်းက ဂျက်မား တရုတ်ပြည်မကြီးကိုပြန်လာခြင်းဟာ လုပ်ငန်းရှင်တွေအကြား စီးပွားရေးအရစိတ်ချယုံကြည်မှုတွေတိုးပွားလာစေမှာကို အထောက်အကူပြုလိမ့်မယ်ဆိုတာ အသိအမှတ်ပြုလက်ခံထားကြောင်းနှင့် ပြီးခဲ့တဲ့နှစ်ကတည်းက သူက ဂျက်မားကို ပြန်လာဖို့ခေါ်နေတာဖြစ်ကြောင်း အဲဒီ အကြောင်းသိတဲ့ သတင်းအရင်းအမြစ်(၅)ခုက ရိုက်တာကိုပြောပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ်လီရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဂျက်မားပြန်လာတာ သေချာသလားဆိုတာကိုတော့ ရိုက်တာက ချက်ခြင်းတပ်အပ်မပြောနိုင်သေးပါဘူး။

အလီဘာဘာရော တရုတ်နိုင်ငံတော်ကောင်စီရော ပြီးတော့ တရုတ်အစိုးရအဖွဲ့ဆီကရော ယခုကိစ္စအပေါ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်းမရှိသေးကြောင်းလည်း ရိုက်တာသတင်းဌာနကရေးသားပါတယ်။

Source: Reuters

#အလီဘာဘာတည်ထောင်သူဂျက်မားတရုတ်ပြည်ပြန်ရောက်

#ဂျက်မားတရုတ်နိုင်ငံပြန်လည်ရောက်ရှိ

#YangonMediaGroup