#World_News
Published 27 March 2023

သောကြာနေ့နှောင်းပိုင်းက မစ္စစ္စပီမှာ အင်အားပြင်းမုန်တိုင်းတစ်ခုတိုက်ခတ်သွားကာ လေဆင်နှာမောင်းကြီးအနည်းဆုံးတစ်ခု ဖြစ်ပေါ်ခဲ့တာကြောင့် အဆောက်အအုံရာနဲ့ချီ ပျက်စီးသွားခဲ့ပြီး အနည်းဆုံးလူ ၂၅ ဦးသေဆုံးကာ အလာဘာမာမှာတော့ ၁ ဦးသေဆုံးခဲ့ပါတယ်။

လေဆင်နှာမောင်းက မြေပေါ်မှာ တစ်နာရီခန့်ရှိခဲ့ပြီး မိုင် ၁၇၀ လောက်အထိ လမ်းတလျှောက်ဖျက်ဆီးသွားခဲ့ကြောင်း မစ္စစ္စပီဂျက်ဆန် အမျိုးသားမိုးလေဝသဌာနမှ မိုးလေဝသပညာရှင်'နီကိုလတ်စ်ပရိုက်စ်'က ပြောကြားခဲ့ပါတယ်။

ပြည်နယ်ထောက်ပံ့ရေး၊ ထိခိုက်ခဲ့တဲ့နေရာများမှ ဒေသခံပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် သမ္မတ'ဂျိုးဘိုင်ဒင်'က နိုင်ငံတော်အကူအညီများပေးအပ်ရန် အမိန့်ပေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

ကာရိုးလ်၊ ဟမ်ဖရေးစ်၊ မွန်ရိုး၊ ရှာကီခရိုင်များမှ မုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်သွားမှာဖြစ်ပါတယ်။

မစ္စစ္စပီအနောက်ပိုင်း လူဦးရေ ၁,၉၀၀ ခန့်ရှိတဲ့ မုန်တိုင်းဒဏ်အခံရဆုံး ရိုးလင်းဖော့ခ်မြို့မှာ အိမ်တွေကြေမွပျက်စီးသွားကာ သစ်ပင်များပင်စည်ကနေ ပြတ်ထွက်ကုန်ပြီး မော်တော်ကားတွေ လွင့်ထွက်ကုန်ပါတယ်။

ရိုးလင်းဖော့ခ်သို့ လေဆင်နှာမောင်းချဉ်းကပ်လာတာကို မြင်တွေ့လိုက်တဲ့ 'မိုက်ကယ်ဆာစီ'က ပိတ်မိနေတဲ့လူတွေကို ကူညီကယ်ဆယ်နေပါတယ်။

"ကယ်ဆယ်ရေးလုပ်နေစဉ်အတွင်း တစ်နေရာကနေ တစ်နေရာသွားလိုက်ရင် အကူအညီတောင်းသံ အော်ဟစ်သံတွေ ကြားနေရပါတယ်၊ ကျွန်တော်တို့က အဖွဲ့ငယ်လေးတွေခွဲပြီး အပျက်အစီးတွေကြားထဲကနေ လူတွေကိုရှာဖွေကယ်ဆယ်နေပါတယ်" လို့ ရိုက်တာသတင်းဌာနကို ပြောကြားသွားပါတယ်။

မိသားစုတစ်စုဆိုရင် ရေချိုးခန်းထဲမှာ ပုန်းအောင်းရင်း သီသီလေးလွတ်မြောက်သွားကာ ကျန်တဲ့အိမ်နေရာတွေကတော့ ပျက်စီးသွားပြီး အိမ်ခေါင်မိုးမှာ ကားတစ်စီးရောက်ရှိနေခဲ့ပါတယ်။

လူနေ ၃၀၀ ခန့်ရှိတဲ့ ဆေးလ်ဗားမြို့မှာ လူတွေက အိမ်အတွင်းခန်းတွေမှာ ပုန်းခိုနေရင်း လေဆင်းနှာမောင်းဖြတ်သန်းသွားခဲ့ပါတယ်။

'ကက်သရင်းရေး'က "ကျွန်မ ဘုရားသခင်အကြောင်း စဉ်းစားလိုက်တယ်၊ အိမ်မှာတစ်ယောက်တည်းရှိနေတုန်း ဘုရားပညတ်တော်ဆယ်ပါးကို လိုက်နာတယ်လို့ တိုင်တည်ခဲ့ပြီး ကိုယ့်ကိုယ်ကိုထိန်းသိမ်းခဲ့ပါတယ်" လို့ ပြောပြခဲ့ပါတယ်။

အခြားအိမ်တွေက နောက်တွဲအခန်းတွေပျက်စီးသွားခဲ့ပေမယ့် သူ့အိမ်နောက်တွဲကတော့ ရှိနေဆဲဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှူး'တိတ်ရိဗ်စ်'က ဆေးလ်ဗားမြို့ကို စနေနေ့ကရောက်ရှိခဲ့ကာ အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ'ဂျိုးဘိုင်ဒင်'က မစ္စစ္စပီထံမှ ပုံရိပ်တွေဟာ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရကြောင်း ဖော်ပြခဲ့ကာ ပြန်လည်ထူထောင်ရေးအတွက် ဖက်ဒရယ်အစိုးရမှ အပြည့်အဝထောက်ပံ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ရိုးလင်းဖော့ခ်ရှိ အမျိုးသားကာကွယ်ရေးလက်နက်တိုက်အပါအဝင် နေရာ ၃ နေရာမှာ အရေးပေါ်ခိုလှုံရေးနေရာများကို မစ္စစ္စပီတာဝန်ရှိသူများက နေရာချပေးထားပါတယ်။

ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ (FEMA)မှ ညွှန်ကြားရေးမှူး'ဒင်းခရစ်ဝယ်လ်'က မစ္စစ္စပီသို့ တနင်္ဂနွေနေ့မှာ သွားရောက်ခဲ့ပါတယ်။

မုန်တိုင်းဒဏ်ကြောင့် မစ္စစ္စပီ၊ အလာဘာမာ၊ တန်နက်ဆီတို့မှာ နေထိုင်သူ ၂၆,၀၀၀ ခန့်ဟာ စနေနေ့ညနေအထိ လျှပ်စစ်မီးမရရှိဘဲဖြစ်နေပါတယ်။

Source: Reuters
#Yangon_Media_Group