Published 26 March 2023

ရုရှားနှင့်ယူကရိန်းစစ်ပွဲဖြစ်ပွားနေပြီး ၁၃ လအကြာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က  သူ့အနေဖြင့် နည်းဗျူဟာ မြောက် နျူကလီးယားလက်နက်များကို အိမ်နီးချင်း မဟာမိတ် ဘယ်လာရုစ်နိုင်ငံအတွင်းတွင် ဖြန့်ကျက်ချထားမယ်လို့  မတ်၂၅ ရက် စနေနေ့က ပြောကြားလိုက်ပါတယ်။

ဒါဟာ ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘဲ အမေရိကန်ဟာ ဒါမျိုးကို ဆယ်စုနှစ်များစွာကတည်းက လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်၊ သူတို့ရဲ့ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေကို သူတို့ရဲ့မဟာမိတ်နိုင်ငံတွေရဲ့ပိုင်နက်ထဲမှာ ထားရှိခဲ့တာ ကြာပြီဖြစ်တယ်လို့ ပူတင်ကပြောပါတယ်။

ယခုကိစ္စနှင့်ပတ်သက်လို့ သူ့အနေနှင့် ဘီလာရုစ်သမ္မတ အဲလက်ဇင်းဒါး လူကာရှန်ကို ပြောဆိုပြီးဖြစ်ကာ ခေါင်းဆောင် နှစ်ဦးစလုံးက သဘောတူကြတယ်လို့လည်း ပူတင်ကပြောပါတယ်။

“ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားတွေကို မဖောက်ဖျက်ပဲ အတူတူလုပ်ကြဖို့သဘောတူခဲ့ကြပါတယ်။ နျူကလီးယား လက်နက်မပြန့်ပွားရေး နိုင်ငံတကာတာဝန်ဝတ္တရားတွေကို မဖောက်ဖျက်ပဲဆောင်ရွက်မယ်ဆိုတာ ကျွန်တော်အလေးအနက်ပြောလိုပါတယ်” လို့သူကပြောပါတယ်။ ဘယ်လာရုစ်ခေါင်းဆောင်က ဒီလိုထားရှိဖို့ကို နှစ်များစွာကတည်းကပြောဆိုထားတာဖြစ်တယ်လို့လည်း ပူတင်ကဆက်လက်ပြောဆိုပါတယ်။

နည်းဗျူဟာမြောက် လက်နက်တွေကို ထားရှိဖို့ အဆောက်အအုံကို ဇူလိုင်(၁)ရက်နောက်ဆုံးထား အပြီး ဆောက်လုပ်မယ် လို့ ပူတင်ဆီကနေသိရပါတယ်။ ဒါပေမယ့် လက်နက်တွေထိန်းချုပ်ကိုင်တွယ်ဖို့ကိုတော့ ရုရှားက ဘယ်လာရုစ်ကိုလွှဲပေးမှာ မဟုတ်ဘူးလို့လည်း ပူတင်ကပြောပါတယ်။ မော်စကိုဟာ နျူကလီးယားလက်နက်တွေပစ်ခတ်နိုင်တဲ့ အိုက်စကန်ဒါ နည်း ဗျူဟာမြောက်ဒုံးကျည်စနစ်တွေကို ယခင်ကတည်းက ပေးထားပြီးဖြစ်ပါတယ်။ အဲဒီအပြင် နည်းဗျူဟာမြောက် နျူကလီး ယား လက်နက်တွေသယ်ဆောင်နိုင်တဲ့ လေယာဉ်ဆယ်စင်းကိုလည်း ဘယ်လာရုစ်မှာထားရှိပြီးဖြစ်တယ်လို့ ပူတင် ပြောဆိုမှု အရ သိရပါတယ်။

Source: WION

#ရုရှား_နည်းဗျူဟာမြောက်နျူကလီးယားလက်နက်

#ရုရှား_ဘယ်လာရုစ်

#YangonMedia