Published 17 March 2023

ပြိုလဲတော့မည့်အရိပ်အယောင်မြင်နေရတဲ့အတွက် အမေရိကန်ရဲ့ First Republic ဘဏ်ကို အခြား ဘဏ်ကြီး(၁၁) ဘဏ်က ဝင်ရောက်ကူညီကယ်တင်လိုက်တယ်လို့ သိရပါတယ်။

ဆီလီကွန်တောင်ကြားဘဏ်အပါအဝင် မကြာသေးမီက အမေရိကန်ဘဏ်တွေပြိုလဲခဲ့ပြီးနောက် First Republic ဘဏ်ဟာ နောက်ထပ်ပြိုလဲနိုင်မယ်လို့ စိုးရိမ်မှုတွေရှိလာတဲ့အတွက် ပုဂ္ဂလိကဘဏ်ကြီး ၁၁ ဘဏ်က ဝိုင်းကူပေး လိုက်ကြတာဖြစ်ပါတယ်။

Citigroup ၊ JPMorgan Chase နှင့် Bank of Americaတို့အပါအဝင် အဆိုပါ ဘဏ်ကြီး၁၁ ဘဏ်က First Republic ထဲကို ဒေါ်လာ ၃၀ ဘီလျံ ထည့်သွင်းအပ်နှံပေးကြမယ့်အကြောင်း ကြေညာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း ဘဏ် (၃)ပတ် ပြိုလဲသွားပြီးနောက်  ဘဏ်လုပ်ငန်းခေါင်းဆောင်တွေဟာ သူတို့ရဲ့ ဘဏ်စနစ်ကို ထောက်ပံ့ပေးတဲ့အနေနှင့် ယခုလို သိသာထင်ရှားတဲ့ ဦးစီးဦးရွက်ပြုလိုက်ကြတာပါ၊

“ အမေရိကန်ရဲ့ အကြီးဆုံးဘဏ်တွေရဲ့ ယခုလိုဆောင်ရွက်မှုဟာ First Republicနှင့် ဘဏ်အရွယ်အစားအားလုံး အပေါ်မှာ သူတို့ရဲ့ယုံကြည်မှု ထင်ဟပ်နေတာဖြစ်တယ်” လို့ အဆိုပါဘဏ်အုပ်စုရဲ့ ပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ်။

“ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဘဏ္ဍာငွေကြေးအင်အားနှင့် ငွေပေါ်လွယ်မှုတွေကို အလိုအပ်ဆုံးဖြစ်နေတဲ့ ပိုမိုကြီးမားတဲ့ စနစ်အတွင်း အတူတကွ ထိရောက်စွာ အသုံးချလိုက်ကြတာဖြစ်ပါတယ်”လို့လည်း ကြေညာချက်ကဆိုပါတယ်။

ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲအပြီး လတ်တလောမှာတော့ အမေရိကန်ဘဏ်တွေကို  တနင်္ဂနွေနေ့က ကြေညာခဲ့တဲ့ တစ်နှစ်ငွေချေးအစီအစဉ်  အသစ်အောက် ကနေ ဖက်ဒရယ်အရန်ငွေကြေးက ထုတ်ချေးထားပါတယ်။

Source:WION

#First_Republic_ဘဏ်

#အမေရိကန်ဘဏ်အကျပ်အတည်း

#YangonMediaGroup