Published 17 March 2023

နိုင်ငံတကာအိပ်စက်ခြင်းနေ့ကို ဂုဏ်ပြုတဲ့အနေနှင့်  အိန္ဒိယ ကုမ္ပဏီတစ်ခုက သူ့ဝန်ထမ်းတွေကို မတ် ၁၇ ရက် ဒီကနေ့ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။  လုပ်အားအင်အားစုတွေအကြား ကျန်းမာရေးအလေ့အထတွေ တိုးမြှင့်ဆောင်ရွက်ရန် ကြိးပမ်းအားထုတ်မှုတစ်ခုအနေနှင့် သူတို့က မတ်၁၇ရက် နိုင်ငံတကာ အိပ်စက်ခြင်းနေ့မှာ ရုံးပိတ် ပေးလိုက်တာဖြစ်ပါတယ်။

Wakefit Solutions လို့အမည်ပေးထားတဲ့ D2C အိမ်နှင့်အိပ်စက်ခြင်းဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ပေးတဲ့ အဲဒီကုမ္ပဏီက LinkedIn ကနေ သူ့ရဲ့ ဝန်ထမ်းတွေအားလုံးဆီကို  အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။ အဲဒီကြေညာစာမှာ “ အံအားသင့်စရာရုံးပိတ်ရပ်- အိပ်စက်ခြင်းလက်ဆောင်ပေးခြင်း” လို့ ခေါင်းစဉ်တပ်ထားခဲ့ပါတယ်လို့ Mint မီဒီယာကရေးသားပါတယ်။

“ Wakefit ဟာ မတ်၁၇ ရက်သောကြာနေ့မှာဝန်ထမ်းတွေအားလုံးကို သီးခြားရုံးပိတ်ရက်တစ်ခုအဖြစ်သတ်မှတ်ပေးပြီး  နိုင်ငံတကာအိပ်စက်ခြင်းနေ့ကိုဆင်နွှဲမယ့်အကြောင်း အူလှိုက်သည်းလှိုက် ကြေညာအပ်ပါတယ်။ ကျွန်ုပ်တို့ဟာ အိပ်စက်ခြင်းဆိုင်ရာ စိတ်အားထက်သန််တဲ့သူတွေ ဖြစ်ကြတဲ့အလျောက် အိပ်စက်ခြင်းနေ့ကို အထူးသဖြင့် သောကြာနေ့မှာကျရောက်လို့ ပွဲတော်တစ်ခုအဖြစ်သတ်မှတ်လိုက်ပါတယ်” လို့ ကုမ္ပဏီကကြေညာပါတယ်။

“၂၀၂၂ခုနှစ်ကတည်းကစတင်က အလုပ်ချိန်အတွင်း အိပ်ငိုက်တဲ့သူတွေဟာ ၂၁ ရာခိုင်နှုန်းတိုးလာတယ်လို့ အိန္ဒိယ အိပ်စက်ခြင်းအမှတ်ပေးကတ်ရဲ့ ခြောက်ကြိမ်မြောက်ပြုပြင်တည်းဖြတ်ထုတ်ဝေမှုအရသိရပါတယ်။ ပြီးတော့ ၁၁ရာခိုင်နှုန်းသောလူတွေဟာ အိပ်ရာထချိန်မှာ နွမ်းနယ်နေကြပါတယ်။ အိပ်ရေးမဝခြင်းတွေအတွက် အိပ်စက်ခြင်းနေ့မှာ အိပ်စက်ခြင်းကိုလက်ဆောင်ပေးတာဟာပိုကောင်းမွန်တဲ့နည်းလမ်းဖြင့် ဆင်နွှဲခြင်းလို့ ကျွန်တော်တို့ သတ်မှတ်လိုက်ပါတယ်” လို့ ကုမ္ပဏီက ရေးသားထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အဲဒီကုမ္ပဏီဟာ တစ်မှေးအိပ်ခွင့် မူဝါဒကို ချမှတ်ပေးခဲ့ပြီး အလုပ်ချိန်အတွင်း သူ့ဝန်ထမ်းတွေကို နာရီဝက် တစ်မှေးအိပ်ခွင့် တရားဝင်ခွင့်ပြုခဲ့ပါတယ်။

“မွန်းလွဲပိုင်းတစ်မှေးအိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ကိုအားပြန်ဖြည့်ဖို့နှင့် အလုပ်ထဲ အာရုံပြန်စိုက်နိုင်ဖို့ ၊ လုပ်ငန်းခွင်ထုတ်လုပ်မှုစွမ်းအားနှင့် ထက်သန်တက်ကြွမှု တိုးတက်စေဖို့ အကူအညီပေးတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်” လို့လည်း ကုမ္ပဏီက ပြောပါတယ်။

ကမ္ဘာ့အိပ်စက်ခြင်းနေ့ရဲ့ ရည်ရွယ်ချက်က အိပ်စက်ခြင်းရဲ့တန်ဖိုးနှင့် အိပ်စက်ခြင်းအခက်အခဲတွေဟာ ကျန်းမာရေးနှင့် သုခချမ်းသာအပေါ် ဆိုးကျိုးဖြစ်စေတာ ကို အများပြည်သူ ဂရူမူလာကြစေဖို့ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာဟာ အိပ်စက်ခြင်းအခက်အခဲတွေနှင့် ရင်ဆိုင်နေရပြီး လူတွေရဲ့ဘဝတန်ဖိုးတွေကျဆင်းနေရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Source: WION

#နိုင်ငံတကာအိပ်စက်ခြင်းနေ့

#အိန္ဒိယကုမ္ပဏီတစ်ခု#နိုင်ငံတကာအိပ်စက်ခြင်းနေ့#ရုံးပိတ်ရက်သတ်မှတ်

#International_Sleep_Day

#YangonMediaGroup