#World_News Published 12 March 2023 အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုပြုလုပ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို တရုတ်နိုင်ငံက ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။ ကျင်းပနေတဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ကနေ ဗိုလ်ချူပ်ကြီး လီရှန်ဖူးကို ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခြင်းအပေါ် တနင်္ဂနွေနေ့က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးလီရှန်ဖူးဟာ ဗဟိုစစ်ကော်မရှင်ကနေ ရာထူးဆင်းသွားတဲ့ ဝေးဖန်ဟီနေရာကို ဆက်ခံပါလိမ့်မယ်။ သူ့ကို ကာကွယ်ရေးဝန်ကြီးအဖြစ် မခန့်အပ်မီမှာ ဗိုလ်ချူပ်ကြီးလီကို ကွန်မြူနစ်ပါတီရဲ့ ဗဟိုစစ်ကော်မရှင်မှာ ခန့်အပ်ခဲ့ပါတယ်။ သူဟာ စစ်တပ်ရဲ့ မဟာဗျူဟာအထောက်အပံ့တပ်ကနေ ပထမဆုံးစစ်ကော်မရှင်မှာပါလာတဲ့ စစ်သားတစ်ဦးဖြစ်ပါတယ်။အဆိုပါတပ်အသစ်ကို ၂၀၁၅ခုနှစ်က ဖွဲ့စည်းခဲ့ပြီး အာကာသ၊ဆိုက်ဘာ၊နိုင်ငံရေးနှင့် အီလက်ထရွန်းနစ်စစ်ပွဲများကို အာရုံစိုက်ဖို့ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ ဘလွမ်းဘတ်သတင်းဌာနကရေးပါတယ်။ ဗိုလ်ချူပ်ကြီးလီကို အမေရိကန်ပြည်ထောင်စုက ၂၀၁၈ခုနှစ်က ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။သူဟာ ရုရှားရဲ့ လက်နက်ကုမ္ပဏီ Rosoboronexport မှ တရုတ်နိုင်ငံကို Su-35 တိုက်ခိုက်ရေးလေယာဉ်နှင့် S-400 ဒုံးကျည်စနစ်ကို လွှဲပြောင်းပေးရာမှာ ဖြစ်မြောက်အောင်ဆောင်ရွက်ပေးသူအဖြစ် အမေရိကန်က စွပ်စွဲပြီး ပိတ်ဆို့အရေးယူခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဗိုလ်ချူပ်ကြီးလီဟာ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးနည်းပညာတွေကို ကြီးကြပ်ရတဲ့ ထိပ်တန်းစစ်ကော်မရှင်ရဲ့ လက်နက်ကိရိယာဖွံ့ဖြိုးတိုးတက်ရေးဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဗိုလ်ချုပ်ကြီးလီနှင့်သူ့ဌာနအပေါ် အမေရိကန်ရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ကြားဝင်နှောက်ယှက်ခဲ့ပြီး အရှေ့ယူကရိန်းမှာ လက်မခံနိုင်စရာ အပြုအမူတွေလုပ်ခဲ့တယ်ဆိုပြီး ရုရှားအဖွဲ့အစည်းတွေနှင့်အတူ ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ #ဗိုလ်ချူပ်ကြီးလီရှန်ဖူး