#World_Politics
Published 21 February 2023

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ယူကရိန်းနဲ့အတူ အဆုံးအထိရပ်တည်သွားမှာဖြစ်ကြောင်း ပြသတဲ့အနေနဲ့ ကိဗ်မြို့တော်အလယ်မှာ လမ်းလျှောက်ဖြတ်သန်းခဲ့ပါတယ်။

 

နောက်တစ်ရက်အကြာမှာတော့ ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ယူကရိန်းကိုကျူးကျော်တာ တစ်နှစ်ပြည့်တဲ့အနေနဲ့ရည်ရွယ်ပြီး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

 

ဘိုင်ဒင်က ကိဗ်သို့ရုတ်တရက်လည်ပတ်ခဲ့ပြီးနောက် ပိုလန်သို့ထွက်ခွာသွားကာ ယူကရိန်းကိုကူညီဖို့ အမေရိကန်က ကမ္ဘာကိုဘယ်လိုစည်းရုံးပေးနေကြောင်း၊ နေတိုးအရှေ့ဘက်ခြမ်းကို အမေရိကန်က ဘယ်လိုထောက်ပံ့ပေးနေကြောင်း အင်္ဂါနေ့မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

 

တနင်္လာနေ့နံနက်ပိုင်းက ဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'တို့ ကိဗ်မြို့တော်ရှိ ဘုရားကျောင်းသို့ အတူလမ်းလျှောက်သွားခဲ့ပါတယ်။

 

"လွန်ခဲ့တဲ့ ၁ နှစ်နီးပါးခန့် ယူကရိန်းကို ပူတင်ကျူးကျော်စဉ်က ယူကရိန်းဟာ အင်အားနည်းပြီး အနောက်တိုင်းနဲ့ ကွဲထွက်နေတယ်လို့ ယူဆပြီး အနိုင်ပိုင်းနိုင်မယ်လို့ ထင်ခဲ့ပါတယ်၊ ဒါပေမဲ့ သူလုံးဝမှားသွားခဲ့တယ်၊ ယူကရိန်းအတွက် ပေးဆပ်စရာအလွန်များပြားပါတယ်၊ စတေးခဲ့ရတာတွေ အများကြီးပါ၊ ရှေ့မှာလည်း နောက်ထပ်ခက်ခဲဦးမယ့် နှစ်တွေလတွေ ရှိပါသေးတယ်" လို့ ပြောကြားသွားပါတယ်။

 

ဘုရားကျောင်းအပြင်ဘက်မှာတော့ ရုရှားဘက်က ကျဆုံးခဲ့တဲ့ တင့်ကားတွေလောင်ကျွမ်းပျက်စီးနေပုံကို မြင်တွေ့ရပါတယ်။

 

ရုရှားတို့ကျူးကျော်ချိန်ကတည်းကစပြီး နှစ်ဘက်စလုံးမှ လူပေါင်းသောင်းချီသေဆုံးထားကာ မြို့များပျက်စီးကြေမွသွားပြီး လူသန်းပေါင်းများစွာ စွန့်ခွာထွက်ပြေးကြရပါတယ်။

 

ရုရှားတို့က ယူကရိန်းနိုင်ငံရဲ့ ၅ ပုံ ၁ ပုံနီးပါးကို သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားကာ အနောက်နိုင်ငံက ယူကရိန်းစစ်ရေးအတွက် ဒေါ်လာဘီလီယံနဲ့ချီ ကူညီထောက်ပံ့ပေးထားပါတယ်။

 

၁၅ နှစ်အတွင်း ဒီကို အမေရိကန်သမ္မတ လာရောက်လည်ပတ်တာဟာ ပထမဆုံးဖြစ်ပြီး အမေရိကန်-ယူကရိန်းဆက်ဆံရေးသမိုင်းမှာ အရေးကြီးဆုံးဖြစ်ကြောင်း ဇယ်လန်စကီက ဆိုပါတယ်။

 

ဘိုင်ဒင်ရောက်နေစဉ် ကိဗ်ကိုတိုက်ခိုက်လာတာမျိုး မဖြစ်စေရန် ဘိုင်ဒင်မထွက်ခွာခင်မှာ ရုရှားကိုအသိပေးခဲ့ကြောင်း အမေရိကန်နဲ့ရုရှားမှ အရာရှိများက ပြောကြားခဲ့ကြပါတယ်။

 

ပူတင်ကတော့ အင်္ဂါနေ့မှာ ရုရှားစစ်ရေးနဲ့ ယူကရိန်းပဋိပက္ခအကြောင်း ပြင်ဆင်မွမ်းမံမှုများကို လွှတ်တော်နှစ်ရပ်လုံးရှေ့မှာ ‌မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group
#Ukraine
#Putin
#JoeBiden
#YMG