Published 22 Feb 2023

ရုရှားအနေနှင့် အမေရိကန်ပြည်ထောင်စုနှင့် နောက်ဆုံးလက်ကျန် နျူကလီးယား သဘောတူစာချုပ်မှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့  သမ္မတဗလက်ဒီမာ ပူတင်က အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ ရုရှားပါလီမာန်ကို ပြောကြားတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ပူတင်က ရုရှားဟာ အဆိုပါစာချုပ် New Start Treaty ကနေ ထွက်မှာမဟုတ်ပေမယ့် ယာယီအားဖြင့်တော့ ပါဝင်မှုဆိုင်းငံ့မယ်လို့ ပြောခဲ့ပါတယ်။

ရုရှားနှင့် အမေရိကန်တို့ဟာ တစ်နိင်ငံနှင့်တစ်နိုင်ငံ ပြိုင်ဘက်တွေလိုမမြင်ခဲ့ကြတဲ့ ယခုအခြေအနေနှင့် လုံးဝခြားနားတဲ့ အခြေအနေမှာ စာချုပ်ကို သဘောတူခဲ့ကြတာဖြစ်တယ်လို့လည်း ပူတင်ကရှင်းပြခဲ့ပါတယ်။

ဒါပေမယ့် ယခုအခါမှာ  အမေရိကန်ဟာ ရုရှားကို ရာဇသံပေးရုံတင်မကဘဲ နေတိုးကိုယ်တိုင်က  စာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ဖို့ လျှောက်ခဲ့တယ်လို့ သူကပြောပါတယ်။

နိုင်ငံတော်ကိုပြောကြားတဲ့ သူ့ရဲ့မိန့်ခွန်းမှာ အမေရိကန်ကသာ နျူကလီးယားစမ်းသပ်မှုလုပ်လာရင် ရုရှားအနေနှင့် နျူကလီးယားစမ်းသပ်မှုတွေပြန်လုပ်ဖို့ အဆင်သင့်ပဲလို့လည်း ပူတင်က သတိပေးပါတယ်။ ဒီလိုသာဆိုရင် စစ်အေးကာလ ကရှိခဲ့တဲ့ နျူကလီးယားစမ်းသပ်မှုတွေကိုပိတ်ပင်ခဲ့တာတွေ အဆုံးသတ်သွားပါလိမ့်မယ်။

New START စာချုပ်ပါလိုက်နာရမယ့်အချက်တွေကို သူဒီလိုဆိုင်းငံ့လိုက်ရတာတွေကို ပူတင်ကရှင်းပြရင်းနှင့် အမေရိကန်နှင့်သူ့မဟာမိတ်‌နေတိုး တို့ဟာ ယူကရိန်းမှာ ရုရှားတို့ရှုံးရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ပြောင်ဖွင့်ပြောလာကြ တယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။

“ သူတို့ဟာ ကျွန်တော်တို့အပေါ်မှာ မဟာဗျူဟာမြောက် အောင်နိုင်အောင်နှင့် တစ်ပြိုင်တည်းမှာပဲ ကျွန်တော်တို့ရဲ့ နျူကလီးယား အဆောက်အအုံကိုပါ ကြိုးစားလာတယ်” လို့ပူတင်ကပြောပါတယ်။

“ယခုစာချုပ်အရ အမေရိကန်ဟာ ရုရှားရဲ့ နျူကလီးယားအဆောက်အအုံကို စစ်ဆေးမှုတွေပြန်စဖို့ တွန်းအားပေးခဲ့တယ်။ နျူကလီးယားစွမ်းဆောင်နိုင်တဲ့ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်တွေအခြေစိုက်တဲ့ ရုရှားလေကြောင်းအခြေစိုက် စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနှင့်တိုက်ခတ်နိုင်အောင် နေတိုးမဟာမိတ်တွေကလည်း ကူညီပေးခဲ့ကြတယ်”လို့ ပူတင်က ပြောပါတယ်။

အဲဒီအတွက်သုံးမယ့် ဒရုန်းတွေကို ခေတ်မီကိရိယာတွေတပ်ဆင်ရာမှာ နေတိုးရဲ့ ကျွမ်းကျင်သူတွေ ကူညီပေးခဲ့ကြတယ်  လို့လည်း ပူတင်ကပြောပါတယ်။ “ အခု သူတို့က ကျွန်တော်တို့ရဲ့ ကာကွယ်ရေးအဆောက်အအုံတွေကို စစ်ဆေးချင်ကြတယ်။ ယနေ့ထိပ်တိုက်ရင်ဆိုင်မှုအခြေအနေမျိုးမှာ ဒါကြီးက အတော့်ကို အဓိပ္ပါယ်မရှိတာပဲ” လို့ ပူတင်က ပြောပါတယ်။

Source: india.com

# New_Start_Treaty

#Russia_US

#ရုရှား-အမေရိကန်_နျူကလီးယားစာချုပ်