#WorldPolitics

Published- 13 Oct  2021


ရုရှားနဲ့အမေရိကန်သံရုံးတို့ရဲ့ သံတမန်ဝန်ထမ်းအင်အား၊ ဆောင်ရွက်လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၂ ရက်နေ့က ညှိနှိုင်းဆွေးနွေးကြရာ မပြေမလည်ဖြစ်နေကြပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆာဂျီရက်ဘ်ကော့ဗ်က ဆိုပါတယ်။

စစ်အေးကာလအပြီး ဖြေလျှော့မှုတွေရှိခဲ့ပေမယ့် နှစ်နိုင်ငံရဲ့ သက်ဆိုင်ရာမြို့တော်တွေမှာ ခန့်အပ်ထားရှိမယ့် သံတမန်အင်အားနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေကြပါတယ်။မော်စကိုကတော့ ဒါဟာပြီးခဲ့တဲ့နှစ်တွေတုန်းက ချမှတ်ထားတဲ့ကန့်သတ်ချက်တွေကို ဖြေလျှော့ချင်နေတာဖြစ်တယ်လို့ ပြောထားပါတယ်။

"ဆွေးနွေးမှုတွေက တိုးတက်မှုမရှိဘူးလို့ ပြောလိုရပါတယ်။ တင်းမာမှုတွေ ပိုများလာနိုင်ပါတယ်" လို့ အင်တာဖက်စ်သတင်းအေဂျင်စီက ရက်ဘ်ကော့ဗ်ရဲ့ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

ရုရှားကနေ အမေရိကန်ရဲ့တာဝန်ကိစ္စတွေကို ထမ်းဆောင်နေတဲ့ သံတမန်တွေအပေါ် ထားရှိတဲ့ရပ်တည်ချက်ဟာ မပြောင်းလဲဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

"သံတမန်အရေအတွက် တန်းတူညီမျှဖြစ်ဖိုနဲ့ အပြန်အလှန် ဗီဇာအပေးအယူပြုလုပ်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့လျှောက်လှမ်းနေတဲ့ ရည်ရွယ်ချက်က သဘောတူညီချက်တွေကို လိုအပ်သလိုပြုပြင်နိုင်အောင် ပြုလုပ်ချင်တယ်ဆိုရင် ရုရှားတွေဘက်က မျှမျှတတနဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုအပ်ပါတယ်" လို့ နက်ဒ်ပရိုက်စ်က ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်ဆွေးနွေးမှုတွေ ပြုလုပ်သွားဦးမှာဖြစ်ပြီး မော်စကိုမှာ သံတမန်အလုံအလောက်ထားရှိနိုင်ဖို ဝါရှင်တန်က မျှော်လင့်နေပါတယ်။ အမေရိကန်မှာရှိတဲ့ ရုရှားသံတမန်တွေကို ထုတ်ပယ်လိုက်ပါက ရုရှားနိုင်ငံမှာရှိတဲ့ အမေရိကန်သံတမန်ရေးရာလုပ်ငန်းတွေ ပိတ်ပစ်ရနိုင်တယ်လို ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့အပတ်က သတိပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ ရုရှားသံရုံးဝန်ထမ်း ၄၀၀ ခန့်ထားရှိပြီး ရုရှားနိုင်ငံက အမေရိကန်သံရုံးဝန်ထမ်းတွေ အလုပ်ရာထူးခန့်အပ်ခြင်းတွေကို ထိန်းချုပ်ထားရာမှာ ရုရှားရှိအမေရိကန်သံရုံးဝန်ထမ်း ၁၀၀ သာရှိတော့တာကြောင့် အမေရိကန်လွှတ်တော်အမတ်တွေက ရုရှားသံတမန်တွေကို ဖယ်ရှားပစ်ဖို့ သမ္မတဂျိုးဘိုင်ဒန်ကို တိုက်တွန်းနေတာဖြစ်ပါတယ်။


Source CNA