#World_Health
Published 13 February 2023

 

အလုပ်သို့သွားနေချိန်နဲ့ ကလေးကို ကျောင်းပို့တဲ့အချိန်တွေဟာ တစ်နေ့တာအတွင်း စိတ်ဖိစီးမှုအများဆုံးအချိန်တွေဖြစ်တယ်လို့ စစ်တမ်းကောက်ယူရရှိထားပါတယ်။

 

ယူကေရှိ လူ ၂ ထောင်ရဲ့အဖြေတွေကို ပျမ်းမျှတွက်ကြည့်တဲ့အခါ မနက် ၇ နာရီ ၂၃ မိနစ်က တစ်နေ့တာရဲ့ စိတ်ဖိစီးမှုအများဆုံးအချိန် ဖြစ်နေပါတယ်။

 

နေ့တစ်နေ့အတွင်း စိတ်ဖိစီးမှုဖြစ်စရာအကောင်းဆုံး အဖြစ်အပျက် ၅၀ ကိုလည်း အစဉ်လိုက်မေးမြန်းခဲ့ကြရာ ယာဉ်ကြောပိတ်ဆို့ခြင်း၊ ကော်ဇောပေါ်တစ်ခုခုဖိတ်ကျခြင်း၊ အိပ်ရာထနောက်ကျခြင်းတို့က ထိပ်ဆုံး ၅ နေရာမှာ ပါဝင်နေပါတယ်။

 

စစ်တမ်းများအရ လူတွေဟာ နေ့စဉ် စိတ်ဖိစီးစရာအဖြစ်အပျက် ၃ မျိုးကြုံတွေ့ရပါတယ်။

 

ညဘက်အိပ်ချိန်နည်းတဲ့အခါ နောက်တစ်နေ့လုံးအဆင်မပြေတာမျိုး၊ တစ်နေ့တာအတွင်း အခက်အခဲတွေကြုံတွေ့ရတဲ့အခါ ညဘက်အိပ်မပျော်တာမျိုး ကြုံတွေ့ကြရကြောင်း ယူကေအခြေစိုက် Rescue Remedy ကုမ္ပဏီမှ အကြီးအကဲ'ဇူဇာနာဘက်စ်တီကိုဗာ'က ပြောကြားခဲ့ပါတယ်။

 

စိတ်ဖိစီးမှုတွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ပင်ပန်းနွမ်းနယ်ခြင်းက ၄၆ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှာရှိနေပြီး ညဘက်ကောင်းစွာအိပ်မပျော်ခြင်းက ၃၆ ရာခိုင်နှုန်း၊ လုပ်ငန်းခွင်မှာ အလုပ်ရှုပ်ခြင်းက ၃၃ ရာခိုင်နှုန်းရှိကြပါတယ်။

 

စိတ်ဖိစီးမှုဖြစ်ပြီးနောက် လူတွေဟာ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ ခံစားကြရပါတယ်။

 

ဒါ့အပြင် သူတို့ဟာ တစ်ချိန်တည်းမှာပဲ အကြောင်းအရာ ၅ မျိုးလောက် စိတ်ထဲပူပန်တတ်ကြပြီး ၁၆ ရာခိုင်နှုန်းသောလူတွေက သူများတွေထက် စိတ်ဖိစီးစရာတွေ ပိုမိုကြုံတွေ့ရတယ်လို့ ဆိုကြပါတယ်။

 

စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်ကနေ ရင်ဆိုင်မလား ရှောင်ဖယ်မလားဆိုတဲ့တုန့်ပြန်မှုကို လှုံ့ဆော်ပေးပါတယ်။

 

ဒီနောက် အက်ဒရီနယ်လင်ဟော်မုန်းများလာကာ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တို့ မြင့်တက်လာပါတယ်။

 

ကော်တီဆောလ်များပိုထွက်လာကာ သွေးတွင်းသကြားဓာတ် များလာပါတယ်။

 

စိတ်ဖိစီးမှုကို ရေရှည်ခံစားရတဲ့အခါ သွေးတိုး၊ နှလုံးရောဂါ၊ ကိုယ်ခံအားနည်းခြင်းတို့ ဖြစ်လာတတ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

Source: Daily Mail
#Yangon_Media_Group