#World_Health
Published 4 February 2023

 

အမေရိကန်မှာ အသက်အန္တရာယ်ရှိ မှိုရောဂါတစ်မျိုးပျံ့ပွားနေပြီး ဒါဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်နေကြပါတယ်။

 

တုပ်ကွေးထက် ဆယ်ဆပိုပြီး အသက်အန္တရာယ်ရှိတဲ့ ဗယ်လီဖီဗာရောဂါဖြစ်ပွားမှုနှုန်းက အဆ ၂၀ မြင့်တက်လာပါတယ်။

 

Coccidioides လို့ခေါ်တဲ့ မှိုကြောင့် ရောဂါဖြစ်ပွားတာဖြစ်ပြီး မြေကြီးနှိုးဆွမိတဲ့အခါ လေထဲသို့ ပေါက်ဖွားနိုင်တဲ့အမှုန်တွေ လွင့်ထွက်လာပါတယ်။

 

ဒီအမှုန်တွေကို များသောအားဖြင့် ဆောက်လုပ်ရေးလုပ်သားတွေ ရှူရှိုက်မိကြပါတယ်။

 

ဒီမှိုက ပူနွေးခြောက်သွေ့တဲ့နေရာတွေမှာ ပေါက်ရောက်လေ့ရှိပြီး ကူးစက်မှု ၉၇ ရာခိုင်နှုန်းက အရီဇိုးနားနဲ့ ကယ်လီဖိုးနီးယားတို့မှာဖြစ်ခဲ့ပေမယ့် အခုဆိုရင် အခြားဒေသတွေကိုပါ စတင်ကူးစက်နေပြီဖြစ်ကာ ၂၁၀၀ ခုနှစ်မှာ ပြည်နယ် ၁၇ ခုအထိ ကူးစက်သွားမယ်လို့ မျှော်မှန်းထားပါတယ်။

 

HBO မှပြသတဲ့ The Last of Us ဇာတ်ကားမှာ မှိုတစ်မျိုးက ကူးစက်ခံရတဲ့လူတွေကို သွေးစုပ်ဖုတ်ကောင်ဇွန်ဘီတွေအဖြစ် ပြောင်းလဲစေခဲ့တာကြောင့် လူအများစိတ်ဝင်စားနေချိန်မှာ အခုလိုကူးစက်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။

 

ဗယ်လီဖီဗာကတော့ ဇွန်ဘီအဖြစ် မပြောင်းလဲစေပေမယ့် အချို့လူတွေကို ဘေးအန္တရာယ်ဖြစ်စေကာ ကူးစက်သူ ၁၀၀ မှာ ၁ ယောက် သေဆုံးနိုင်ချေရှိပါတယ်။

 

မြေကြီးထဲကထွက်လာတဲ့ မှိုအမှုန်တွေကို လူတွေ သတ္တဝါတွေ ရှူရှိုက်မိတဲ့အခါ အသက်ရှူလမ်းကြောင်းကနေတဆင့် အဆုတ်ထဲကိုရောက်ရှိသွားကာ မျိုးပွားပြီး ရောဂါတွေဖြစ်လာစေပါတယ်။

 

ကူးစက်မှုအများစုကတော့ ရောဂါအပျော့စားသာခံစားရကာ ရက်ပိုင်းအတွင်း သက်သာသွားကြသလို သက်ရှိအချင်းချင်းမှ မကူးစက်နိုင်ပါဘူး။

 

တစ်ခါတရံမှာတော့ ညဘက်ချွေးပြန်ခြင်း၊ အဆစ်နာခြင်း၊ နီမြဲရောင်ရမ်းခြင်းတို့ ဖြစ်တတ်ပါတယ်။

 

၁၀ ရာခိုင်နှုန်းလောက်က ရောဂါပြင်းထန်တတ်ကာ သက်သာပျောက်ကင်းရန် လနဲ့ချီကြာတတ်ပါတယ်။

 

သွေးကြောထဲကနေ ဦးနှောက်၊ အရေပြား၊ အသည်းတို့ကို ရောက်သွားတတ်ပြီး ဦးနှောက်အမြှေးပါးနဲ့ အရည်တို့ကို ကူးစက်စေကာ ဦးနှောက်အမြှေးရောင်ရောဂါ ခံစားရတတ်ပါတယ်။

 

ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများကြောင့် ထိုမှိုက ခြောက်သွေ့ရာ မြောက်ပိုင်းသို့ ကူးစက်လာနိုင်ကြောင်း GeoHealth ဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

ဒီရောဂါက ကုသရခက်ခဲသလို ကာကွယ်ဆေးလည်း မရှိသေးပါဘူး။
ဗယ်လီဖီဗာကာကွယ်ဆေးကို ဆယ်စုနှစ်တိုင်အောင် တီထွင်ဖို့ကြိုးစားနေကြပေမယ့် ၁၉၈၀ ခုနှစ်တွေမှာ လူသားတွေနဲ့စမ်းသပ်ရာမှာ အဆင်မပြေခဲ့ပါဘူး။

 

Source: Daily Mail
#Yangon_Media_Group