#World_Health
Published 4 February 2023

 

အဆီဓာတ်များတဲ့ အစားအစာတွေကို ပုံမှန်စားသောက်ခြင်းဖြင့် ဦးနှောက်ကနေ ကယ်လိုရီထိန်းချုပ်နိုင်စွမ်းကို နိမ့်ပါးစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

 

ကြွက်တွေနဲ့ စမ်းသပ်မှုပြုလုပ်ခဲ့ရာမှာ အဆီဓာတ်များသော ဒါမှမဟုတ် ကယ်လိုရီများသော အစာကျွေးပြီးနောက် စားလိုက်တဲ့အစာကို ကယ်လိုရီမျှခြေဖြစ်အောင်ထိန်းညှိပေးတဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို ကျဆင်းစေကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို သိရှိနားလည်ခြင်းဖြင့် အဝလွန်ခြင်းကိုဖြစ်စေတဲ့ လွန်ကြူးစွာစားသောက်မိခြင်း အကြောင်းအရင်းတွေနဲ့ ဆေးကုသနည်းလမ်းများ တိုးတက်အောင် အကူအညီပေးနိုင်ဖွယ်ရှိပါတယ်။

 

အဝလွန်ခြင်းကနေ နှလုံးသွေးကြောရောဂါများ၊ ဆီးချိုရောဂါတို့ ဖြစ်ပွားနိုင်တာကြောင့် လူအများကျန်းမာရေးအတွက် သတိထားရမှာဖြစ်ပါတယ်။

 

အမေရိကန် ပန်စတိတ်ဆေးပညာကောလိပ်မှ ဒေါက်တာ'ကီယာစတင်းဘရောင်းနင်း'က ပြောကြားရာမှာ "ကယ်လိုရီဝင်ရောက်ခြင်းကို အက်စ်ထရိုဆိုက်တွေက ခဏတာထိန်းသိမ်းပေးပါတယ်၊ အက်စ်ထရိုဆိုက်တွေက အစာအိမ်ကိုထိန်းချုပ်ဖို့ရာ အချက်ပြလမ်းကြောင်းကို လှုံ့ဆော်ပေးပါတယ်၊ အဆီများတဲ့အစားအစာတွေကို ၄/၅ ရက်လောက် စားမိသွားရင် အက်စ်ထရိုဆိုက်တွေကို သက်ရောက်စေပါတယ်၊ ၁၀ ရက်ကနေ ၁၄ ရက်လောက်အထိ ဆက်တိုက်စားမိရင်တော့ အက်စ်ထရိုဆိုက်တွေက အလုပ်မလုပ်နိုင်တော့ဘဲ ကယ်လိုရီဝင်ရောက်မှု ထိန်းသိမ်းနိုင်စွမ်း ပျောက်ဆုံးသွားပါတယ်၊ ထိုအခါ အစာအိမ်သို့ အချက်ပြခြင်းကိုပါ အနှောင့်အယှက်ဖြစ်လာပြီး နှောင့်နှေးစေပါတယ်" လို့ ဆိုပါတယ်။

 

ပုံမှန်ဆိုရင် အစာခြေစနစ်ကနေ အစားအစာဖြတ်ဆင်းခြင်းကိုကြည့်ပြီး အစာအိမ်ပြည့်ပြီလား အစာမရှိဘူးလားဆိုတာကို တုန့်ပြန်စေပါတယ်။

 

အက်စ်ထရိုဆိုက်တွေ အလုပ်မလုပ်နိုင်တဲ့အခါ ထိုလုပ်ငန်းစဉ်ကြီး ထိခိုက်သွားပြီး အချက်ပြခြင်းနှောင့်နှေးသွားကာ အစာအိမ်ပြည့်လား မပြည့်လားဆိုတာကို မှန်ကန်အောင် သတင်းမပို့နိုင်တော့ပါဘူး။

 

ကြွက်တွေမှာ စမ်းသပ်ခဲ့တဲ့ရလဒ်တွေက လူတွေမှာလည်း အလားတူဖြစ်ပွားသလားဆိုတာကိုသိရဖို့ လူသားတွေနဲ့စမ်းသပ်ရဦးမှာဖြစ်ပါတယ်။

 

"အက်စ်ထရိုဆိုက်တွေ အလုပ်မလုပ်ဘဲ အချက်ပြခြင်းအားနည်းခြင်းကြောင့် အစားပိုစားမိတာလား ဒါမှမဟုတ် အစားပိုစားမိလို့ ဒီလိုဖြစ်ရတာလားဆိုတာကို သိရှိအောင် လေ့လာရဦးမှာပါ၊ ကယ်လိုရီထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးတာကို ပြန်လည်လှုံ့ဆော်ပေးဖို့ နည်းလမ်းရှိလားဆိုတာကိုလည်း သိချင်နေကြပါပြီ" လို့ ဒေါက်တာ'ကီယာစတင်းဘရောင်းနင်း'က ပြောကြားသွားပါတယ်။

 

Source: WION
#Yangon_Media_Group