#World_Crime
Published 24 January 2023

 

လုံခြုံမှုမရှိတဲ့လူငယ်များအတွက် ဒက်စ်မွိုင်းစ်မြို့မှာဖွင့်ထားတဲ့ ပညာရေးအစီအစဉ်ကျောင်းတစ်ခုမှာ ဆယ်ကျော်သက် ၂ ယောက်ကို တနင်္လာနေ့က ပစ်သတ်ခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ်လူတစ်ဦးကို လူသတ်မှုဖြင့် ဖမ်းဆီးလိုက်ပါတယ်။

 

Starts Right Here လို့ခေါ်တဲ့ကျောင်းမှာ လူ ၂ ဦးကိုသတ်မှုအပြင် လူသတ်မှုကျူးလွန်ရန် နောက်ထပ်ကြိုးစားခဲ့တဲ့အမှုတို့ဖြင့် ဒက်စ်မွိုင်းစ်မှ 'ပရက်စ်တန်ဝေါလ်စ်'ဆိုတဲ့လူကို တရားစွဲထားတာဖြစ်ပါတယ်။

 

အသက် ၁၈ နှစ်အရွယ်ယောက်ျားလေးတစ်ယောက်နဲ့ ၁၆ နှစ်အရွယ်ယောက်ျားလေးတစ်ယောက်တို့ ထိုဖြစ်စဉ်အတွင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

 

'ဝီလ်ကိဗ်စ်'ဆိုတဲ့ စင်ပေါ်နာမည်ဖြင့် ရက်ပါသီချင်းတွေဆိုတဲ့ အသက် ၄၉ နှစ်အရွယ် ကျောင်းတည်ထောင်သူ'ဝီလီယံဟုမ်းစ်'ကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။

 

'ဝေါလ်စ်'ဟာ လက်နက်ကိုင်ဆောင်မှုဖြင့် တရားစွဲခံထားရပြီး ထိန်းသိမ်းခြင်းမခံထားရတဲ့ အခြေအနေမှာ ခြေကျင်းဝတ်ထိပ်ခတ်ထားတာကို ဖယ်ရှားပြီး ၁၆ မိနစ်အကြာမှာ သေနတ်ယူပြီး ကျောင်းသို့သွားပြီး ကျောင်းသား ၂ ဦးကို သေနတ်ဖြင့်ပစ်ခဲ့တာဖြစ်ကြောင်း ရဲတွေက ဆိုပါတယ်။

 

'ဝေါလ်စ်'နဲ့ ထိုကျောင်းသား ၂ ဦးတို့ဟာ ဂိုဏ်းတွေနဲ့ဆက်စပ်မှုရှိနေပြီး ပြိုင်ဘက်ဂိုဏ်းတွေမှဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ရဲအရာရှိတွေရောက်လာပြီး အပြင်းအထန်ဒဏ်ရာရနေတဲ့ ကျောင်းသား ၂ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။

 

အဆိုပါပစ်ခတ်မှုမှာ စုစုပေါင်းတရားခံ ၃ ဦးဖမ်းဆီးမိခဲ့တာဖြစ်ပြီး ရဲတွေက တရားခံတွေလို့ယူဆရတဲ့ ကားတစ်စီးကိုတားခဲ့ကြပါတယ်။

 

ဒက်စ်မွိုင်းစ်မြို့တော်ဝန်'ဖရန့်ကောင်နီ'က နစ်နာသူများအတွက် ဝမ်းနည်းရကြောင်း၊ မိသားစုဝင်တွေ ဘယ်လောက်နာကျင်နေရမလဲဆိုတာ ပြောစရာစကားတောင်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

 

Starts Right Here ပညာရေးကျောင်းဟာ ၉ တန်းမှ ၁၂ တန်းအထိ လုံခြုံဘေးကင်းမှုနည်းပါးတဲ့ လူငယ်များကို ကူညီပေးနေတာဖြစ်ပါတယ်။

 

ဒီကျောင်းဟာ အကူအညီအထောက်အပံ့ အလိုအပ်ဆုံးကလေးတွေကို ရွေးချယ်ကူညီပေးနေတဲ့ကျောင်း ဖြစ်ပါတယ်။

 

ယာယီကြီးကြပ်ရေးမှူး'မတ်စမစ်'က "နောက်ထပ်သေနတ်အကြမ်းဖက်လုပ်ရပ်အကြောင်း သိရတဲ့အတွက် ဝမ်းနည်းမိပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ကျောင်းသားတွေနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းဖြစ်နေတာကြောင့်ပါ၊ နောက်ထပ်အသေးစိတ်သိရဖို့ စောင့်ဆိုင်းနေပြီး ထိခိုက်နစ်နာသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူကြေကွဲရပါတယ်" လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ဒါဟာ ယခုနှစ်အတွင်း အမေရိကန်ရှိကျောင်းတွေမှာ သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ပစ်ခတ်မှု ၆ ကြိမ်မြောက်လည်းဖြစ်ပါတယ်။

Source: AP News
#Yangon_Media_Group