#World_Health
Published 24 January 2023

 

အရက်အလွန်အကျွံသောက်ခြင်းက ကျန်းမာရေးကိုဆိုးရွားစေပေမယ့် အနည်းငယ်မျှသောက်သုံးခြင်းကတော့ ကျန်းမာရေးကောင်းမွန်စေတယ်ဆိုတဲ့ မရေမရာတွေ့ရှိချက်တွေကို ဆယ်စုနှစ်တွေတိုင်အောင် လေ့လာပြီးနောက်မှာတော့ အရက်ကိုအနည်းငယ်မျှ မှီဝဲရင်တောင် ကျန်းမာရေးဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကို သိလာရပါပြီ။

 

၂၀၁၅ မှ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်မှာ အရက်အလွန်အကျွံသောက်ခြင်းကြောင့် တစ်နှစ်ကို လူပေါင်း ၁၄၀,၀၀၀ ခန့်သေဆုံးခဲ့ပါတယ်။

 

၄၀ ရာခိုင်နှုန်းလောက်က ရုတ်တရက်ဖြစ်စဉ်များဖြစ်တဲ့ ယာဉ်တိုက်မှု၊ အဆိပ်သင့်ခြင်း၊ အသတ်ခံမှုတို့ကြောင့် သေဆုံးခဲ့ပေမယ့် အများစုကတော့ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ၊ ကင်ဆာ၊ နှလုံးရောဂါတို့ကနေ နာတာရှည်ရောဂါများဖြစ်ကာ သေဆုံးကြရတာဖြစ်ပါတယ်။

 

အရက်အလွန်အကျွံသောက်မှသာ ကျန်းမာရေးထိခိုက်တယ်လို့ လူတွေကထင်နေကြပေမယ့် အတန်အသင့်သောက်သုံးရင်တောင် ကျန်းမာရေးထိခိုက်တတ်ပါတယ်။

 

အမျိုးသားတွေမှာ နေ့စဉ် ၂ ခွက်ထက်ပိုပြီး သောက်သုံးသူများနဲ့ အမျိုးသမီးတွေမှာ ၁ ခွက်ထက်ပိုသောက်သူတွေဟာ အရက်စွဲလမ်းတယ်လို့ သတ်မှတ်လို့ရပါတယ်။

 

အရက်ကြောင့် ကျန်းမာရေးထိခိုက်ရတဲ့ အဓိကအကြောင်းအရင်းတစ်ခုက DNA ကို ထိခိုက်စေတာကြောင့်ပါ။

 

အရက်သောက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အက်ဆီတယ်ဒီဟိုက်ဆိုတဲ့ ဓာတုပစ္စည်းအဖြစ် ပြောင်းလဲသွားပြီး DNA ကို ပျက်စီးစေပါတယ်။
DNA ပျက်စီးသွားတဲ့အခါ ဆဲလ်က ထိန်းမနိုင်ကြီးထွားလာပြီး ကင်ဆာအကျိတ်ဖြစ်ပွားလာပါတယ်။

 

လက်ရှိသုတေသနများအရ အရက်အနည်းငယ်မျှ သောက်ရင်တောင် သွေးပေါင်ချိန်တိုးစေပြီး နှလုံးရောဂါဖြစ်စေပါတယ်။

 

မသောက်တော့ဘဲနေလိုက်ရင်တော့ သွေးပေါင်ချိန်ပုံမှန် ပြန်ဖြစ်လေ့ရှိပေမယ့် နှလုံးခုန်မမှန်ခြင်း၊ သွေးခဲခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေရှိပါတယ်။

 

အရက်ကြောင့် တိုက်ရိုက်ဖြစ်တတ်တဲ့ကင်ဆာတွေကတော့ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အသည်းကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာတို့ဖြစ်ပါတယ်။

 

အသောက်နည်းတဲ့လူက အသောက်များတဲ့လူထက် ကင်ဆာဖြစ်နိုင်ချေနည်းသွားတာသာရှိပါတယ်။

 

သောက်တဲ့သူတိုင်းတော့ ဒီရောဂါတွေဖြစ်နေတာမဟုတ်ပါဘူး။
အစားအသောက်ပုံစံ၊ လေ့ကျင့်ခန်း၊ ဆေးလိပ်သောက်ခြင်းတို့ကလည်း ရောဂါဖြစ်နိုင်ချေများခြင်း နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

အသောက်များတဲ့လူက လျှော့သောက်ပြီး အသောက်နည်းတဲ့လူက မသောက်ဘဲနေခြင်းဖြင့် ရောဂါဖြစ်နိုင်ချေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

 

ယေဘုယျအားဖြင့်တော့ လျှော့သောက်ပါက အသက်ပိုရှည်နိုင်တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

 

Source: CNA
#Yangon_Media_Group