#World_Crime
Published 17 January 2023

 

ထိုင်းနိုင်ငံရှိ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့အတု ပြုလုပ်ရာနေရာကို ဝင်စီးခဲ့ရာမှာ သံသယရှိသူ တရုတ်လူမျိုး ၂ ဦး အသာအယာလွတ်မြောက်သွားတဲ့အတွက် အရာရှိ ၁၅ ဦးကို အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

 

ထိုင်းနိုင်ငံအတွင်း တရုတ်လူမျိုးတွေ ကြီးစိုးနေတဲ့ တရားမဝင်လုပ်ငန်းများ ကြီးထွားလာတာကြောင့် ယခုအချိန်မှာ စိုးရိမ်နေကြရပါတယ်။

 

ပြီးခဲ့တဲ့လကလည်း ဘန်ကောက်ရှိ ပစိဖိတ်ကျွန်းနော်ရူ ကောင်စစ်ဝန်ရုံးဟောင်းမှာ တရုတ်နိုင်ငံသားတွေ ကျူးကျော်ဝင်ရောက်နေကြောင်း စွပ်စွဲမှုများရှိသဖြင့် ဝင်ရောက်စီးနင်းခဲ့ပါသေးတယ်။

 

တရုတ်နိုင်ငံသားတွေအတွက် ပတ်စ်ပို့အတုများပြုလုပ်ပေးနေတဲ့ တရုတ်လူမျိုး ၂ ယောက်ကို တရုတ်ဘက်ကလည်း အလိုရှိနေပြီး ထိုင်းအရာရှိများကလည်း တွေ့ရှိထားတာဖြစ်ကြောင်း နိုင်ငံတော်ရဲတပ်ဖွဲ့လက်ထောက်အကြီးအကဲ 'ဆူရာချက်ဟက်ပယ်'က ပြောပြခဲ့ပါတယ်။

 

ဒါပေမဲ့ အထူးစုံစမ်းရေးဌာနမှ အရာရှိ ၅ ယောက်၊ ရဲအရာရှိ ၉ ယောက်နဲ့ စစ်တပ်ကြပ် ၁ ယောက်တို့နဲ့ ပူးပေါင်းကြံစည်ပြီးနောက် ထိုတရုတ်လူမျိုး ၂ ယောက် လွတ်မြောက်သွားခဲ့ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

စကားပြန်တစ်ယောက် အပါအဝင် အရာရှိတွေဟာ တရားခံတွေထံမှ လာဘ်ထိုးငွေ ဘတ် ၁၀ သန်း တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

 

စကားပြန်က မလေးရှားကို ထွက်ပြေးဖို့ကြိုးစားစဉ် ဖမ်းမိခဲ့ပြီးနောက် ဝန်ခံခဲ့ပြီး မူလအထောက်အထားတွေပါဝင်တဲ့ hard disk ကို ရှာတွေ့ခဲ့ရာမှာ သူတို့ရဲ့အကြံအစည်တွေကို သိရှိခဲ့ကြတာဖြစ်ပါတယ်။

 

ဝင်ရောက်စီးနင်းမှုအတွင်း ဘတ်ငွေ ၂ သန်းခွဲတွေ့ရှိခဲ့တဲ့အပြင် hard disk မှာပါဝင်တဲ့ဗီဒီယိုနဲ့ စကားပြန်ရဲ့ပူးပေါင်းဝန်ခံချက်ကြောင့် ဘတ်ငွေ ၈ သန်းခန့် တွေ့ရှိခဲ့ပါတယ်။

 

"အရာရှိတွေက ဒီလောက်နဲ့ မလုံလောက်ဘဲ နောက်ထပ် ဘတ်ငွေ ၄ သန်း တရုတ်တွေထံကနေ တောင်းခဲ့ပါတယ်" လို့ 'ဆူရာချက်'က ရှင်းပြခဲ့ပါတယ်။

 

အဆိုပါ ၁၆ ဦးစလုံးကို အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲထားကာ စကားပြန်မပါဘဲ ကျန်တဲ့ ၁၅ ဦးကို အာဏာအလွဲသုံးစားမှုဖြင့်လည်း စွဲဆိုထားပါတယ်။

 

စစ်တပ်ကြပ်ကိုတော့ အထောက်အထားဖျက်ဆီးရန် ကြိုးပမ်းမှုဖြင့်လည်း တရားစွဲထားပါတယ်။

 

အရာရှိတွေကတော့ တရားစွဲဆိုချက်အားလုံးကို ငြင်းဆိုခဲ့ကြပါတယ်။
"လာဘ်ထိုးဖို့တောင်းဆိုခြင်းက ပြင်းထန်တဲ့အပြစ်ဒဏ် ကျနိုင်ပြီး အမြင့်ဆုံးအနေဖြင့် သေဒဏ်အထိ ဖြစ်နိုင်ပါတယ်" လို့ ဆိုပါတယ်။

 

ဒီဝင်ရောက်စီးနင်းမှုမှာ အထက်လူကြီးတွေ ပါဝင်အသိအမှတ်ပြုထားလားဆိုတာကိုလည်း နောက်ထပ်စုံစမ်းမှုတွေ ပြုလုပ်ဦးမှာဖြစ်ပါတယ်။


Source: South China Morning Post
#Yangon_Media_Group