#World_Military
Published 16 January 2023

 

ဗြိတိန်က သူတို့ရဲ့အဓိကတိုက်ပွဲဝင်တင့်ကား ၁၄ စီးနဲ့အတူ နောက်ထပ်အမြှောက်လက်နက်များကို ယူကရိန်းအတွက်ထောက်ပံ့ပေးပို့သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်'ရီရှီဆူနက်'ရဲ့ရုံးက စနေနေ့နှောင်းပိုင်းမှာ ပြောကြားလိုက်ပြီး လန်ဒန်ရှိ ရုရှားသံရုံးရဲ့ဝေဖန်မှုကို လစ်လျူရှုတဲ့သဘောဖြစ်ပါတယ်။

 

Challenger 2 တင့်ကား ၁၄ စီးပါတဲ့တပ်ခွဲကို ယူကရိန်းသို့ လာမယ့်သီတင်းပတ်အတွင်း ပေးပို့မှာဖြစ်ပြီး AS90 သေနတ်အလက် ၃၀ လည်းပါဝင်ဖွယ်ရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ကြပါတယ်။

 

ထိုတင့်ကားတွေနဲ့သေနတ်တွေ အသုံးပြုနိုင်ရန် လာမယ့်ရက်များအတွင်း ယူကေက ယူကရိန်းတပ်ဖွဲ့တွေကို စတင်လေ့ကျင့်သွားမှာဖြစ်ပါတယ်။

 

ရုရှားတို့အဆက်မပြတ်ဗုံးကျဲတိုက်ခိုက်နေတဲ့ကြားမှာ ယူကရိန်းပြည်သူများနေထိုင်လာတာ ၂ နှစ်နီးပါးရှိလာတဲ့အချိန်၊ ဗြိတိန်ဝန်ကြီးချုပ်က ယူကရိန်းတို့ စစ်ပွဲမှာအနိုင်ရစေဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်လိုက်ပါတယ်။

 

"ဝန်ကြီးချုပ်က အနီးစပ်ဆုံးစစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေနဲ့အတူ စစ်ရေးစစ်ရာကိုခွဲခြမ်းစိတ်ဖြာကာ ယူကေနဲ့ မဟာမိတ်တွေ အကြီးမားဆုံးထောက်ပံ့ကူညီပေးနိုင်မယ့် အခွင့်အရေးကို ဖော်ထုတ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

 

ကြေညာချက်မထုတ်ပြန်ခင် ဝန်ကြီးချုပ်က ယူကရိန်းသမ္မတ'ဇယ်လန်စကီ'နဲ့ ဖုန်းပြောဆိုခဲ့ရာ ဆူနက်က ယူကရိန်းကိုထောက်ပံ့ဖို့ ယူကေကဘယ်လောက်အာရုံစိုက်ထားကြောင်း၊ Challenger 2 တင့်ကားတွေနဲ့ အမြှောက်လက်နက်များပါဝင်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ရက်သတ္တပတ်က ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်တို့က ယူကရိန်းသို့ သံချပ်ကာယာဉ်များပေးပို့ရန် စီစဉ်ခဲ့ကြပြီးနောက် ဗြိတိန်ကလည်း မဟာမိတ်တွေနဲ့အတူပူးပေါင်းထောက်ပံ့လာတာ ဖြစ်ပါတယ်။

 

လုံခြုံရေးထောက်ပံ့ရေးနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးက ဗြိတိန်ပါလီမန်မှာ ပြင်ဆင်သွားဖို့ကိုလည်း ကြေညာခဲ့ပါတယ်။

 

လန်ဒန်မှာရှိတဲ့ ရုရှားသံရုံးက ပြောကြားရာမှာ တင့်ကားများပေးပို့လာပါက ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာနိုင်ကာ အရပ်သားတွေ ပိုမိုထိခိုက်လာနိုင်တဲ့အပြင် ပဋိပက္ခအတွင်း အင်္ဂလန်ပါ ပါဝင်လာတဲ့အနေအထား သက်ရောက်လာနိုင်ကြောင်း ဆိုပါတယ်။

 

"Challenger 2 တင့်ကားတွေက စစ်မြေပြင်မှာ ယူကရိန်းတပ်ဖွဲ့တွေအတွက် အသာရအောင် ကူညီပေးနိုင်ဖွယ်မရှိဘဲ ရုရှားအတွက်တော့ ပိုမိုကြီးမားတဲ့ပစ်မှတ်သာ ဖြစ်လာမှာပါ" လို့ သံရုံးရဲ့ကြေညာချက်ကို TASS သတင်းဌာနက ကြေညာခဲ့ပါတယ်။

 

Challenger 2 တင့်ကားတွေဟာ အခြားတင့်ကားတွေကိုတိုက်ခိုက်မယ့် အမျိုးအစားဖြစ်ပြီး ဗြိတိန်စစ်တပ်မှာ ၁၉၉၄ ခုနှစ်ကတည်းက အသုံးပြုလာတာဖြစ်ပြီး ဘော့စ်နီးယား၊ ဟာ့ဇ်ဂိုဗီနာ၊ ကော့ဆိုဗိုနဲ့ အီရတ်တို့မှာ နေရာချထားပါတယ်။

 

Source: Reute
#Yangon_Media_Group