#Ukraine_Crisis
Published 23 September 2022

 

ရုရှားတပ်တွေနဲ့ ရုရှားထောက်ခံရေးသမားများ ထိန်းချုပ်ထားတဲ့ ယူကရိန်းပြည်နယ် ၄ ခုမှာ ရုရှားနှင့် ပူးပေါင်းရေးကိစ္စအတွက် ပြည်သူ့ဆန္ဒခံယူပွဲများကို သောကြာနေ့မှာ ကျင်းပသွားဖို့ ပြင်ဆင်နေကြပါတယ်။

 

အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲတွေကို အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကာ တရားမဝင်သိမ်းပိုက်တော့မယ့် ရှေ့ပြေးပြင်ဆင်မှုများအဖြစ် သတ်မှတ်လိုက်ပါတယ်။

 

ရုရှားဘက်ကနေရာချထားတဲ့ ခေါင်းဆောင်တွေဟာ မဲဆန္ဒကောက်ခံပွဲများပြုလုပ်ရန် အစီအစဉ်အကြောင်း အင်္ဂါနေ့ကကြေညာခဲ့ရာ အနောက်နိုင်ငံနဲ့ စစ်ရေးတင်းမာမှု ပိုပြီးမြင့်တက်လာစေမယ့် လုပ်ရပ်ဖြစ်ပါတယ်။

 

ဆန္ဒခံယူပွဲရဲ့ရလာဒ်တွေက သိမ်းပိုက်ဖို့လမ်းစပျိုးနေတာဖြစ်တယ်လို့ ထင်မှတ်စရာရှိပြီး ယူကရိန်းနဲ့ မဟာမိတ်တွေကတော့ ဒီရလာဒ်တွေကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။

 

လူဟန့်စ်၊ ဒိုနက်စ်၊ ခါဆန်၊ ဇာပိုရစ်ဇ်ဇီယာပြည်နယ်တွေဟာ ယူကရိန်းတစ်နိုင်ငံလုံးရဲ့ ၁၅ ရာခိုင်နှုန်းလောက်ရှိပြီး ထိုဒေသတွေမှာ မဲဆန္ဒပွဲတွေကို သောကြာနေ့ကနေ အင်္ဂါနေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

ယူကရိန်းက အခုလအတွင်း ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေအများအပြားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ရန် ရုရှားထောက်ခံရေးအရာရှိများက လနဲ့ချီတိုင်ပင်နေခဲ့တာဖြစ်ပေမယ့် ယူကရိန်းက တန်ပြန်တိုက်ခိုက်လာတာကြောင့် နှောင့်နှေးနေရတာဖြစ်ပါတယ်။

 

ယခုတစ်ပတ်အတွင်း ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ယူကရိန်းနဲ့စစ်ပွဲအတွက် တပ်သား ၃ သိန်းစုဆောင်းမယ်လို ကြေညာခဲ့ပြီး အသာရဖို့ ကြိုးပမ်းလာပါတယ်။

 

ပြည်သူတွေအနေနဲ့ သူတို့ရဲ့ထင်မြင်ချက်ကို ဖော်ထုတ်ခွင့်ရှိကြောင်း ရုရှားက အဆိုပြုလိုက်ပါတယ်။

 

"ပြည်သူတွေက သူတို့ရဲ့သဘောအတိုင်း ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်၊ အခြေအနေတစ်ခုလုံးက သူတို့အပေါ်ပဲမူတည်ပါတယ်" လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး'ဆာဂျီလက်ဗ်ရော့ဗ်'က ပြောကြားခဲ့ပါတယ်။

 

ရုရှားက ပြည်သူ့ဆန္ဒခံယူပွဲရလာဒ်ကို အထောက်အပံ့ယူပြီး တိုက်ခိုက်ဖို့ အကြောင်းပြလာနိုင်တယ်လို့ ယူကရိန်းက ဆိုလိုက်ပါတယ်။

 

၂၀၁၄ ခုနှစ်တုန်းကလည်း ခရိုင်းမီးယားကိုသိမ်းယူစဉ်က အလားတူလုပ်ရပ်မျိုး ပြုလုပ်ခဲ့ပြီး နိုင်ငံတကာကလည်း အသိအမှတ်မပြုခဲ့ပါဘူး။
ဒီနယ်မြေတွေကို ရုရှားနယ်မြေလို့ ကြေညာပြီးရင် သူတို့က အညှာအတာမရှိ တိုက်ခိုက်တော့မှာပါလို့ လူဟန့်စ်အုပ်ချုပ်ရေးမှူးက ယူကရိန်းတီဗီကို ပြောကြားခဲ့ပါတယ်။

 

ရုရှားရဲ့ပြည်သူ့ဆန္ဒပြပွဲကို အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'၊ ကုလအထွေထွေအတွင်းရေးမှူးချုပ်'အန်တိုနီယိုဂူတာရက်စ်'၊ ပြင်သစ်သမ္မတတို့လို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နေတိုး(NATO)၊ ဥရောပသမဂ္ဂ၊
ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းတို့က ရှုတ်ချထားပါတယ်။

 

Source: Reuters
#Yangon_Media_Group