Published 3 May 2023

မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်းကန်ဟာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့  အငြိမ်းစား ဗိုလ်ချူပ်မှူးကြီးသန်းရွှေနှင့် မေလ ၂ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက အားထားရတဲ့ အိမ်နီးချင်းကောင်းနှင့် မိတ်ဖက်ကောင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတိုးမြှင့်ရေးတို့အတွက် အမြဲထောက်ခံအားပေးပါတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အငြိမ်းစားဗိုလ်ချူပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့ CGTNရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲမှုကို တရုတ်က လေးစားပြီး မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုးတက်ရေးကိုထောက်ခံတယ်လို့ မစ္စတာချင်းက ပြောပါတယ်။  မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးစောင့်ရှောက်ထိန်းသိမ်းမှု၊နိုင်ငံရေးတည်ငြိမ်အောင်ထိန်းသိမ်းထားမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့်ဖွံ့ဖြိုးတိုးတက်ရးသဘောပေါက်နားလည်မှုတို့အတွက် မြန်မာနိုင်ငံကို အကူအညီများဆက်ပေးရန် တရုတ်က အသင့်အနေအထားရှိတယ်လို့လည်းသူကပြောပါတယ်။

အတူတကွမျှဝေကြသည့်အနာဂတ်နှင့်အတူ တရုတ်-မြန်မာ လူမှုအသိုက်အဝန်းတည်ထောင်ရန်တရုတ်ဘက်က  မြန်မာနိုင်ငံနှင့် လက်တွဲလုပ်ဆောင်လိုတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချူပ်မှူးကြီးသန်းရွှေ(ငြိမ်း)ကိုပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းကောင်းပီသတဲ့ ချစ်ကြည်ရင်းနှီးမှုရှိပြီး မြန်မာနိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်  ခိုင်မာတဲ့ထောက်ခံအားပေးမှုတွေအတွက် တရုတ်ကိုကျေးဇူးတင်တယ်လို့ အငြိမ်းစား ဗိုလ်ချူပ်မှူးကြီးသန်းရွှေက တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုပြန်လည်ပြောကြားခဲ့ပါတယ်။ တရုတ်နှင့်မြန်မာနှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဆက်လက်သယ်ဆောင်နိုင်ပြီး ချစ်ကြည်စွာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်မယ်လို့ သူယုံကြည်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးသန်းရွှေ(ငြိမ်း)က ပြောပါတယ်။ အဲဒီအပြင် အသီးအပွင့်ဖြစ်ထွန်းတဲ့ နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုတွန်းအားပေးဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း အငြိမ်းစား ဗိုလ်ချူပ်မှူးကြီးက ပြောကြားခြ့တဲ့အကြောင်း ဆင်ဟွာကသတင်းဖော်ပြထားပါတယ်။

Source: Xinhua/CGTN

#ဗိုလ်ချူပ်မှူးကြီးသန်းရွှေ

#တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးQin Gang

#တရုတ်-မြန်မာဆက်ဆံရေး

#YangonMediaGroup