#Local_News
Published_12 January 2023

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများထဲမှ သတ်မှတ်စည်းကမ်းချက်တွေကို ဖောက်ဖျက်ခဲ့သည့် ယာဉ်အစီးရေ ၅၈၀ ကျော်ကို အရေးယူဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်ကော်မတီ YRTC မှ သိရသည်။

 

အဆိုပါ သတ်မှတ်စည်းကမ်းချိုးဖောက်ခဲ့သည့် ယာဉ်စီးရေ ၅၈၀ ကျော်ကို CNG ဖြည့်သွင်းခွင့်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ YRTC အနေဖြင့် တယ်လီမတ်တစ်စနစ် တပ်ဆင်ထားသည့် ကိရိယာတွေနှင့် CCTV တွေကို အသုံးပြု၍ စောင့်ကြည့်ခဲ့ရာမှ ယခုလို အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် အဆိုပါ အရှိန်နှုန်းစောင့်ကြည့်သည့် တယ်လီမတ်တစ်စနစ်ဖြင့် YBS ယာဉ်ပေါင်း ၃၅၀၀ ကျော်ကို စောင့်ကြည့်ကြပ်မတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တယ်လီမက်တစ်စနစ်ကို ယာဉ်အစီးရေ ၃၈၈၅ စီးတပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့တွင်းနေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၂၅၀ ပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁ ဒသမ ၄ သန်းဝန်းကျင်ကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group