#Local_News
Published_ 28 December 2022

 

ဝေးလံခေါင်သီအရပ်ဒေသအပါအဝင် အခြားပြည်နယ်နှင် တိုင်းများရှိ ကလေးငယ်များအတွက် ဝေဠုကျော်ဖောင်ဒေးရှင်းက ယနေ့ ဒီဇင်ဘာလ၂၈ ရက်တွင် အနွေးထည် စုစုပေါင်းနှစ်သောင်းကျော်
ကို ပေးပို့လှူဒါန်းခဲ့ကြောင်း အဆိုပါ ဖောင်ဒေးရှင်းတာဝန်ခံ ဒေါ်ညိုမီသိန်းက YGM သို့ ပြောသည်။

 

"ကျွန်မတို့ နှစ်စဉ်လှူဒါန်းပေးနေပါတယ်။ အချို့ဆို အရမ်းအေးတဲ့ဒေသတွေက ကလေးငယ်တွေ အပါအဝင် သက်ကြီးရွယ်အိုတွေအတွက်ပါ လှူဒါန်းပေးနေပါတယ်။ ဖောင်ဒေးရှင်းကို လာလှူဒါန်းတဲ့အပေါ် လိုအပ်နေတဲ့ဒေသတွေအတွက် စီမံခန့်ခွဲပြီးတော့ပေးပို့ လှူဒါန်းတာပါ" ဟု ဒေါ်ညိုမီသိန်းက ဆိုသည်။

 

ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွက် အနွေးထည်ပေါင်း ၃၀၀၀၊ ကချင်ပြည်နယ် ၁၁၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး (နာဂဒေသ) ၃၀၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး (ကလေး) ၁၇၀၀၊ မကွေးတိုင်းဒေသကြီး ၂၀၀၀၊ ချင်းပြည်နယ် ၁၄၀၀ ၊ ရခိုင်ပြည်နယ်၂၀၀၀၊ ကရင်ပြည်နယ် ၁၅၀၀နှင့် ရှမ်းပြည်နယ် ၁၅၀၀ တို့ကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ယမန့်နေ့ ဒီဇင်ဘာလ ၂၇ ရက်၌လည်း ချင်းပြည်နယ်၊ မင်းတပ်မြို့၊ လုပ်ခေးရွာ တောင်တန်းသာသနာပြု ဆရာတော်မှတဆင့် လေဖောင်းနှင့် ဂွမ်းအနွေးအထူ ၇၀ ထည်နှင့် အနွေးအဝတ်အထည် စုစုပေါင်း ၁၄၃ ထည်အားပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အလားတူ ကရင်ပြည်နယ်၊ လိပ်သိုမြို့ရှိ တောင်ပေါ်ရွာအချို့အား ဒေသခံတစ်ဦးမှတဆင့် ကလေးအနွေးထည်နှင့် အဝတ်အထည် စုစုပေါင်း ၃၀၀ထည် ကိုပေးပို့လှူဒါန်းခဲ့သည်။

 

#ymg/myn
#Yangon_Media_Group