#Local_News
Published 22 December 2022

 

ကရင်တိုင်းရင်းသားများ အနေဖြင့် ပညာနှင့်ယှဉ်သောသတ္တိ၊ မေတ္တာနှင့်ယှဉ်သော ရဲရင့်ခြင်း၊ မွန်မြတ်သည့် ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်အတွက် ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်း ဖော်ဆောင်ကြရန် နှစ်သစ်ကူးအခါသမယတွင် အလေးအနက် ဖိတ်ခေါ်လိုကြောင်း နစက ဥက္ကဌက ပြောသည်။

 

ဒီဇင်ဘာလ ၂၂ ရက်တွင် ကျရောက်သော ကရင်အမျိုးသား နှစ်သစ်ကူးနေ့ထူးနေ့အတွက် ပေးပို့သောသဝဏ်လွှာမိန့်ခွန်းတွင် နစက ဥက္ကဌက အထက်ပါအတိုင်း ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

 

"ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဦးတည်ချက်(၉)ရပ်တို့ကိုချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။ ကရင် တိုင်းရင်းသားများ အနေဖြင့်လည်း ပညာနှင့်ယှဉ်သောသတ္တိ၊ မေတ္တာနှင့်ယှဉ်သော ရဲရင့်ခြင်း၊ မွန်မြတ်သည့် ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်အတွက် ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်းဖော်ဆောင်ကြရန် နှစ်သစ်ကူးအခါသမယတွင် အလေးအနက် ဖိတ်ခေါ်လိုပါသည်။"ဟု ယင်းက အဆိုပါ သဝဏ်လွှမိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

 

ယင်းအပြင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ကရင်တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံများမှာလည်း လျော့နည်းတိမ်ကောပပျောက်မှုများ ဖြစ်လာနိုင်သဖြင့် အလေးထားထိန်းသိမ်းကြရန်လည်း နစက ဥက္ကဌက ထည့်သွင်း တိုက်တွန်းထားသည်။

 

#ymg/myn
#Yangon_Media_Group