#Local_News
Published_ 21 December 2022

 

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ ဂူဝါဟတီမြို့၌ ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် Assam International Agri-Horti Show 2022 ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

ပြပွဲဖွင့်ပွဲအခမ်းအနားတွင် အာသံပြည်နယ် ဝန်ကြီးချုပ်က တက်ရောက်မိန့်ခွန်း ပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် လယ်သမားများဖူလုံရေး ပြည်ထောင်စုဝန်ကြီး၊ အာသံပြည်နယ် စိုက်ပျိုးရေး၊ သစ်သီးဝလံပန်းမန်နှင့် မွေးမြူရေးဖွံ့ဖြိုးမှုဝန်ကြီးအပါအဝင် အိန္ဒိယအစိုးရ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ပြည်ပနိုင်ငံ များမှ သံအမတ်ကြီးနှင့် သံတမန်များ၊ စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန် ဂေဟစနစ်တွင် အဓိက ပါဝင်ပတ်သက်သူများမှ တက်ရောက်ခဲ့ကြပါတယ်။

 

အာသံပြည်နယ် စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန်ဌာနမှ တာဝန်ယူကျင်းပသည့် ၎င်းပြပွဲသည် ပြည်နယ် စိုက်ပျိုးရေးကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ပြပွဲအတွင်း ထုတ်လုပ်မှုမှသည် ဈေးကွက်တင်သည်အထိ စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန် value chain အဆင့်တိုင်းအတွက် အသိပညာ ဖလှယ်မှုနှင့် ကမ္ဘာ့နည်းနာများကို မိတ်ဆက် ရှင်းလင်းမှုများ၊ ကမ္ဘာအနှံ့မှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် ရည်ရွယ်၍ ကျင်းပတာဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါပြပွဲကိုပြခန်းပေါင်း ၃၀၀ ကျော်ဖြင့် ဒေသထွက်သီးနှံများ၊ စိုက်ပျိုး ထုတ်လုပ် ရေး လုပ်ငန်းသုံးပစ္စည်း မိတ်ဆက်ပြသမှုများ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းအချင်းချင်း ချိတ်ဆက် မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group