#Local_News
Published_19 December 2022

 

ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းလာပြီး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာလည်း တစ်ပိဿာ ကျပ် ၄၄၁၅ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။

 

အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဒီဇင်ဘာလ ၁၉ ရက်မှ ၂၅ ရက်အထိ သတ်မှတ်ထားပြီး ပြီးခဲ့သည့် တစ်ပါတ်ထက် ၁၀၀ နီးပါးကျဆင်းလာကြောင်း သိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group