#Local_News
Published _ 16 December 2022

 

ပဲခူးတိုင်း၊ ပြည်မြို့၊ နဝဒေးလမ်းတွင် ကိုယ်ဝန်ဆောင်တစ်ဦးလိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်အား ၆ ဘီးကားက ဒီဇင်ဘာလ ၁၅ ရက် နေ့လည်ပိုင်းက ဝင်တိုက်မိ၍ ကားမှာမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ နေ့လည် ၃ နာရီကျော်ခန့်က ပြည်မြို့၊ နဝဒေးလမ်းရှိ PT Power စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ရှေ့တွင် ၆ ဘီးကားက ကိုယ်ဝန်ဆောင်တစ်ဦးလိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်အားဝင်တိုက်မိခဲ့သည်။

 

ထို့ကြောင့် သုံးဘီးဆိုင်ကယ်မောင်းသူနှင့်ကိုယ်ဝန်ဆောင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ အသင်းထံဆက်သွယ်ရာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြသည်။

 

နှာခေါင်းပေါက်၊ ခြေ၊ လက်၊ မျက်နှာတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည့် သုံးဘီးမောင်းသူအမျိုးသားအား အခင်းဖြစ်နေရာ၌ အရေးပေါ်ပြုစုကုသပေးပြီး ကိုယ်ဝန်ဆောင်မှာသွေးလန့်သည့်အနေအထားဖြစ်နေသည့်အတွက် ပြည်မြို့ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

မောင်းနှင်ထွက်ပြေးသွားသည့် ၆ ဘီးကားအား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများမှ လိုက် လံစုံစမ်းဖမ်းဆီးမှုများပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

 

#ymg/NN
#Yangon_Media_Group