#Local _News
Published _ 15 December 2022

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတ (ရှမ်းရွာ)တွင် ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းက ဆိုင်ကယ်နှင့်ကားမတော်တဆဖြစ်စဉ်အတွက် လျော်ကြေးတောင်းရာမှ စကားများကာ သားအမိနှစ်ဦးဓားဖြင့်ခုတ်ခံရပြီး မိခင်လက်ပြတ်သွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းမှ သိရသည်။

 

ယမန်နေ့ ညနေ ၄ နာရီကျော်ခန့်က လွိုင်ကော်မြို့နယ်၊လောပိတ(ရှမ်းရွာ)တွင် နိုဝင်ဘာလကဖြစ်ပွားခဲ့သည့် ဆိုင်ကယ်နှင့်ကားမတော်တဆဖြစ်စဉ်အတွက် မောင်စိုင်းထက်ကျော်(၁၉)နှစ်နှင့် ဒေါ်နန်းအောင်(၅၅) နှစ် သားအမိတို့မှ လျော်ကြေးလာတောင်းစဉ် စကားများရာ သားအမိနှစ်ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရှိရသည်။

 

ဓားဖြင့်ခုတ်ခံရမှုကြောင့် မိခင်ဖြစ်သူ ဒေါ်နန်းအောင်မှာ လက်ကောက်ဝတ် အထက်ပိုင်းမှပြတ်ထွက်ပြီး ဓားခုတ်ဒဏ်ရာများရရှိခဲ့ကာ သားဖြစ်သူ မောင်စိုင်းထက်ကျော်၏ နောက်စေ့နှင့်မျက်ခုံးတို့တွင်လည်း ပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့် အခင်းဖြစ်နေရာအနီးနေသူများမှ လောပိတတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

"တိုက်နယ်ဆေးရုံမှာ ဓားခုတ်ခံထားရတဲ့ နှစ်ယောက်သွေးထွက်လွန်နေတယ် ဆေးရုံလွှဲပြောင်းပေးဖို့လိုတယ်ဆိုတာနဲ့ အသင်းက သွားသယ်ပေးခဲ့ပါတယ်။ ဒေါ်နန်းအောင်ရဲ့ပြတ်သွားတဲ့လက်တစ်ဖက်က အခင်းဖြစ်တဲ့နေရာမှာကျန်ခဲ့တယ်လို့သိရပါတယ်"ဟု ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ ဆိုထားသည်။

 

လက်ရှိမှာ ဓားဒဏ်ရာများရရှိခဲ့သည့် သားအမိနှစ်ဦးသည် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကာ ဒေါ်နန်းအောင်ကိုလည်း ခွဲစိတ်ကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

#Ymg/NN
#Yangon_Media_Group