#Local_News
Published_15 December 2022

 

၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်း၊ အောင်လံ-သရက် နှင့် မင်းတပ်-မတူပီ ၆၆ ကေဗွီ ဓာတ်အားလိုင်းကြိုးများ ထပ်မံ ဖျက်ဆီးခံရပြန်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ဒီဇင်ဘာလ ၁၃ ရက်က ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ် ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်း၏ တာဝါတိုင်(၂)တိုင် နှင့် သရက်မြို့နှင့်အနီးဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၆၆ ကေဗွီ အောင်လံ- သရက် ဓာတ်အားလိုင်း၏ တာဝါတိုင် (၁) တိုင်တို့ကို ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်က ၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အားလိုင်းကြိုး ကို ထပ်မံဖောက်ခွဲပစ်ခတ်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

ယင်းကြောင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် လျှပ်စစ်မီးသုံးစွဲသူပြည်သူများသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် အမြန်ဆုံးပြင်ဆင် ဆောင်ရွက်လျက်ရှိ ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုအခါ ဖျက်ဆီးခံရသည့် အကြိမ်အရေအတွက် (၄၄)ကြိမ် ရှိပြီ ဖြစ်ကြောင်းလည်း လျှပ်စစ်ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

#ymg/mt
#Yangon_Media_Group